|
ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့်
ရုံးထုတ်
ဖြိုးကြီး။
သြဂုတ် ၁၉၊ ၂၀၀၈
စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို
စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့်
စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။
ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ
မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့်
တရားစွဲဆိုကြောင်းပြောဆိုသည်။
"တွေ့ခွင့်တောင်းတော့
ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့်
မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊
အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက
ပြောသည်။
ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊
ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊
စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊
ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား
ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့်
အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈)
နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ်
စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ
ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင်
နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။ |