Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကားခတိုးမြှင့်ပေးရန် ဆန္ဒပြသည့် ကား (၉) စီး လိုင်စင်အသိမ်းခံထားရ 

ဗထူး။ သြဂုတ် ၁၈၊ ၂၀၀၈

သတ်မှတ်ထားသည့် ကားခများ တိုးမြှင့်ပေးရန်နှင့် ဓါတ်ဆီလုံလောက်စွာ ထုတ်ပေးရန် အေးချမ်းစွာ ဆန္ဒပြသည့် ကား (၉) စီးကို (မထသ)မှ လိုင်စင်များသိမ်းဆည်းလိုက်သည်။ 

ရန်ကုန်တိုင်း၊ ဒလနှင့် တွံတေးသို့ ပြေးဆွဲနေသည့် မှန်လုံကား (၉) စီးမှာ ပြီးခဲ့သည့်လ (၁၉) ရက်နေ့မှ စတင်ကာ ဒလကားဝင်းအတွင်း ရပ်နားဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

“(မထသ)ကထုတ်ပေးတဲ့ ဓါတ်ဆီဂါလံနဲ့ ထုတ်ဈေးက ခရီးသည်တွေဆီကပြန်ရတဲ့ ငွေနဲ့မကိုက် ဘူး၊ နောက်တခါ ဓါတ်ဆီပြန်ထုတ်ဖို့ ရတဲ့ငွေနဲ့မလောက်တော့တာကြောင့် ကားခ ၂၀၀ ကျပ်ကို တိုးပေးဖို့ တင်ပြထားတာ (မထသ)က ဘာမှအကြောင်းမပြန်လို့ လိုင်းမဆွဲဘဲ အဲ့ဒီကားတွေ ကားဝင်းထဲမှာပဲ ထိုးတာတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။ 

ထ/၇၃၈၅၊ ည/၆၀၉၄၊ ထ/၄၅၀၆၊ အ/၃၅၈၅ အစရှိသည့် ကား (၉) စီးမှ ဒရိုင်ဘာနှင့် စပယ်ယာ များက ဒလဝင်းအတွင်း ကားများကို ထိုးရပ်ထားကာ ဘောလုံးကန်နေခြင်းဖြင့် ဆန္ဒပြခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ထွက်မဲ့ကားတွေမရှိတော့ ခရီးသည်တွေများလာပြီး ပြဿနာဖြစ်မဲ့အနေအထား ရောက်လာ တော့ စစ်တပ်၊ ရဲနဲ့ (မထသ)ကအရာရှိတွေ ရောက်လာပြီး ဖြေရှင်းကြတာပဲ၊ ဒါပေမဲ့ ဒီနေ့အထိ အဲ့ဒီကားတွေ အခု တလရှိပြီ ရပ်ထားခံရတာ၊ ကားတွေထုတ်လို့လည်း မရဘူး၊ ဖြေလည်း မဖြေရှင်းပေးဘူး၊ ဒီတိုင်းပဲ ခုထိရှိနေတယ်”ဟု မျက်မြင်တဦးက ပြောဆိုသည်။ 

ယခင်က အဆိုပါကဲ့သို့ ကားနှစ်စီးခန့်ပြုလုပ်ခဲ့သော်လည်း (မထသ)ဂိတ်မှူးမှ ညှိနှိုင်းပေးခဲ့ပြီး ယခုအခါ အထက်မှညွှန်ကြားချက်ဟုဆိုကာ ဒရိုင်ဘာနှင့် စပယ်ယာများမှာ လိုင်စင်များသိမ်းယူ ခံထားရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးက ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com