|
ပြောင်းခင်းများကိုဖျက်ခိုင်းပြီး စပါးစိုက်ရန် စေခိုင်း
ဖြိုးကြီး။
သြဂုတ် ၂၂၊ ၂၀၀၈
မြို့နယ်အာဏာပိုင်များက တောင်သူများစိုက်ထားသည့်
ပြောင်းခင်းများကိုဖျက်ခိုင်ပြီး စပါးစိုက် ရန် အတင်းအကြပ်လုပ်ဆောင်လျှက်ရှိသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ် မြေစာရင်းဦးစီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာ အာဏာပိုင်များက
ခင်ရှည်ကျေးရွာမှ တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းခင်းများကို
(၄)ရက်အတွင်းဖျက်သိမ်း၍ စပါးစိုက်ရန် ယခုလ (၁၉) ရက်နေ့က
အမိန့်ထုတ်ပြောဆိုခြင်း ဖြစ် သည်။
“ပြောင်းခင်းတွေကို စပါးစိုက်ဖို့
ရှင်းခိုင်းတာ၊ သူတို့က (၆) လပိုင်းလောက်ကတည်းက စိုက်ဖို့ ပြောထားတယ်၊
ဒါပေမဲ့ ဒီနေရာက စပါးစိုက်လို့မရဘူး၊ မိုးလည်း မရွာဘူး၊
အဲဒါကြောင့် ကျနော် တို့ ပြောင်းဘဲစိုက်ကြတာပါ၊ (၄) ရက်အတွင်း
ဖျက်ခိုင်းနေတာ၊ အခုချိန်စပါးစိုက်ဖို့ဆိုတာလည်း လုံးဝမဖြစ်ဘူး၊
မိုးလည်း မရွာတဲ့နေရာမှာ အဲဒါကို အတင်းအကြပ်ခိုင်းနေတာ၊ မြေသိမ်းမယ်လို့ပါ
ပြောတာ” ဟု ခင်ရှည်ကျေးရွာမှ ကာယကံရှင်တောင်သူတဦးက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသည် မိုးခေါင်ရေရှားပြီး
ရေနှုတ်မြောင်းများမရှိသည့်အတွက် စပါးစိုက်ပျိုးရန်မဖြစ်သောကြောင့်
တောင်သူများအနေဖြင့် ယခုကဲ့သို့ ပြောင်းများစိုက်ပျိုးရခြင်း ဖြစ်သည်ဟု
၎င်းကဆက်လက်ပြောသည်။
ယင်းကဲ့သို့ စပါးအတင်းအကြပ်စိုက်ခိုင်းနေခြင်းနှင့် ပတ်သက်၍ “သူတို့ပြောတာက စပါးက အဓိကကြတယ်၊ နာဂစ်ဖြစ်ထားတော့ စပါးတွေလိုအပ်တယ်၊
အဲလိုတွေပြောတာ၊ (၆) လပိုင်း (၂၉) ရက်နေ့က ပေါက်မြို့နယ် မယက
ဥက္ကဌကိုယ်တိုင်လာပြီးတော့ စပါးစိုက်ရမယ်၊ မစိုက်ရင်
မြေသိမ်းမယ်လို့ပြောထားတာလည်း ရှိတယ်၊ မိုးက လုံးဝမရွာဘူး၊
နှမ်းလည်း မအောင်ဘူး၊ အဲဒါကြောင့်၊ ကျန်တဲ့တောင်သူတွေကလည်း လယ်ကွက်တွေကို
ကသင်းတွေလုပ်ထားပြီး စပါးကျဲသလိုသာ လုပ်ထားတာ၊ မြေကွက်တွေကို
ဒီအတိုင်းထားတာ” ဟု ပြောသည်။
မြို့နယ်အာဏာပိုင်များက တောင်သူတဦးလျှင် (၁) ဧကနှုန်းဖြင့်
စိုက်ခိုင်းခြင်းဖြစ်ပြီး ခင်ရှည် ကျေးရွာအတွင်း တောင်သူ
(၁၃၀) ခန့်ရှိကာ မြေယာများမှာလည်း ပြောင်းစိုက်ရန်သာ သင့်တော်သည်ဟု
ဆိုသည်။
အဆိုပါဒေသတွင် ၂၀၀၆ ခုနှစ်မှ စတင်၍ စပါးစိုက်ပျိုးသူများသည်
အရှုံးဖြင့်ရင်ဆိုင်ရပြီး ပြောင်းစိုက်ပျိုးရခြင်းသည်
နွားစာအတွက်ပါအဆင်ပြေသည့်အတွက် ယခုကဲ့သို့ စိုက်ပျိုးခြင်း ဖြစ်သည်ဟု
ခင်ရှည်ရွာသားတဦးက ပြောသည်။
“ပြောင်းက နွားစာလည်းရတယ်၊ ပြောင်းဆံလည်းရတယ်၊ (၁)ဧကဆို နွားစာ
အစည်းလေးရာ လောက်ရတယ်၊ တစီးကို (၃၀၀) လောက်ပေးရတယ်၊ အဲဒါမနှစ်က၊
ဒီနှစ်တော့ ပိုဈေးတက်မှာ ဘဲ၊ ပြောင်းဆံဆိုရင်လည်း တဧကကို (၁၀)
တင်းရတယ်၊ မနှစ်က တတင်းကို (၇,၀၀၀) ရတယ်၊ အခုဆိုစိုက်ထားတာ
အပင်ကနှစ်တောင်ကျော်လောက် ရှိနေပြီ” ဟု ဆက်လက်ပြောသည်။ |