|
ငွေကြာယံကို ခမရ(၇၀၉)မှ
အကြမ်းဖက်စီးနင်းခဲ့ခြင်းဖြစ်
ဗထူး။
သြဂုတ် ၆၊ ၂၀၀၈
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ငွေကြာယံ စာသင်တိုက်အား
အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ သည့် တပ်ရင်းမှာ
ခမရ(၇၀၉)တပ်ရင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တပ်မတော်
အရာရှိတဦးက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာနှင့်ပြည်သူ
လှုပ်ရှားမှုအား စစ်အစိုးရမှ အကြမ်းဖက်နှိမ်နင်းစဉ်
ဘုန်းကြီးကျောင်းများအား ညဘက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ
ရန်ကုန်မြို့၊ တောင်ဥက္ကလာပရှိ ငွေကြာယံကျောင်းတိုက် လည်း
ပါဝင်သည်။
ငွေကြာယံကျောင်းတိုက်အား စက်တင်ဘာလ (၂၆) ရက်နေ့၊ ညအချိန်တွင်
ကျောင်းတိုက် ဝင်းတံခါးအား ကားဖြင့်တိုက်ဖွင့်ကာ
သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် သိန်းချီ
တန်ဖိုးရှိသည့် ငွေနှင့် ဘုရားဆင်းတုတော်များအပါအဝင်
ဆင်းတုတော်မှ အဖိုးတန်ကျောက် များကိုပါ ခမရ(၇၀၉)မှ
သိမ်းဆည်းခဲ့သည်ဟု အဆိုပါတပ်မတော်အရာရှိက ပြောသည်။
“(၇၀၉) တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ကိုကိုလတ်၊ ဒုရင်းမှူးက
ဗိုလ်မှူးမျိုးဇင်၊ ဝင်စီးတဲ့နေ့မှာ သိန်း (၂၀) လောက်
တန်ဖိုးရှိတဲ့ ငွေနဲ့ ပစ္စည်းတွေပါ ယူသွားတာ၊ ဘုန်းကြီးတွေကို
ရိုက်တဲ့ တပ်ကြပ်ကြီးနေမျိုးဆိုတာက အခု တောင်ငူဘက်စစ်ဆင်ရေးမှာ
၂ လပိုင်းလောက်က မိုင်းထိပြီး ခြေထောက်ဖြတ်လိုက်ရတယ်”ဟု
ပြောသည်။
ခြေမြန်တပ်ရင်း (၇၀၉) သည် အမှတ် (၄)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ - ၄)၏ လက်အောက်ခံ
တပ်ရင်းတရင်းဖြစ်ပြီး သံဃာနှင့်ပြည်သူလှုပ်ရှားမှုအား
နှိမ်နင်းစဉ် ရန်ကုန်တွင် တာဝန်ကျတပ်စွဲထားကြောင်း ၎င်းက
ဆက်လက်ပြောဆိုသည်။
ငွေကြာယံကျောင်းတိုက်အား ဝင်ရောက်မစီးနင်းမီ အဆိုပါတပ်ရင်းအား
ရန်ကုန်မီးရထားရုံးချုပ် ဝင်းအတွင်း တပ်စွဲထားပြီး
သုဝဏ္ဏအားကစားရုံသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ငွေကြာယံကျောင်း
တိုက်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“ခြေထောက်ပြတ်တယ်ဆိုတဲ့ တပ်ကြပ်ကြီးနေမျိုးဆိုတာ
ဘုန်းကြီးတွေရိုက်တဲ့ကောင်၊ ရန်ကုန် မှာ တာဝန်ကျနေတာက
ခမရ(၇၀၃)လည်း ပါတယ်၊ ဘုန်းကြီးကျောင်းကနေ မီးအားမြှင့်စက်၊
လက်ကိုင်ဖုန်း၊ ဗွီစီဒီပြစက်၊ တီဗွီ၊ ပန်ကာ၊
ဘုရားဆင်းတုတော်တောင် မကျန်ဘူး၊ ကျောင်းက ပစ္စည်းတွေ
အရပ်ထဲလိုက်ရောင်းနေတယ်လို့ပါ ကြားသေးတာ”ဟု တပ်မတော်အရာရှိက
ဆိုသည်။
ပြီးခဲ့သည့်ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သည်
နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့နှင့် တွေ့ဆုံကြောင်း
သတင်းများဖြစ်ပေါ်လျှက်ရှိရာ သံဃာ့မဟာနာယကမှ ဆရာတော်များလည်း
ယင်းကိစ္စနှင့်ပတ်သက်၍ ပြောဆိုမည်မဟုတ်ကြောင်း အဆိုပါအရာရှိက
သုံးသပ်သည်။
ငွေကြာယံကျောင်းတိုက်အား ဝင်ရောက်စီးနင်းခဲ့ပြီးနောက်တနေ့တွင်
ဒေါသထွက်၍ ကျောင်းကို ဝိုင်းရံထားသော လူအုပ်ကြီးနှင့်
စစ်အစိုးရတပ်များ ထိပ်တိုက်ရင်ဆိုင်ထားရာမှ ညနေဘက်တွင်
စစ်တပ်မှ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် တောင်ဥက္ကလာပနေ လူ
၃ ဦး သေဆုံးခဲ့ရသည်။ |