Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဒေါ်အောင်ဆန်းစုကြည် မည်သည့်အစားအသောက်မှ လက်မခံသည်မှာ
(၉) ရက်ရှိပြီဟုပြော
 

ဗထူး။ သြဂုတ် ၂၆၊ ၂၀၀၈ 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ နေအိမ်အတွင်းသို့ မည်သူ့ ကိုမျှ လက်ခံတွေ့ဆုံခြင်း၊ မည်သည့်အစားအသောက်ကိုမျှ လက်ခံရယူခြင်းမရှိသည်မှာ (၉) ရက် တိုင် ရှိသွားခဲ့ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) (NLD-LA) က ယမန်နေ့က သတင်းထုတ်ပြန်လိုက်သည်။ 

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလအထူးကိုယ်စားလှယ်သည် (၆) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရရှိဘဲ ပြန်လည်ထွက်ခွာ သွားပြီးနောက် ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်၏ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုသည် ထူးခြားတိုးတက်မှုဖြစ်ထွန်းစေမည်ဟု ယုံကြည်မှုအားနည်းလာပြီဖြစ်၍၎င်း၊ စစ်အစိုးရ၏ တဖက်သတ်လုပ်ဆောင်ချက်များသည် ပြည်သူလူထုမှ သဘောတူလက်ခံခြင်းမရှိကြောင်း ထင်ရှားစွာ ပြသနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်း များကို အသုံးပြု၍ စစ်အစိုးရကို ရင်ဆိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု NLD(LA) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းအခြေအနေနှင့်ပတ်သက်၍ (NLD)ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းအား ဆက်သွယ်မေး မြန်းခဲ့ရာ သူက “အစာငတ်ခံဆန္ဒပြတယ်ဆိုတာ၊ အဲ့ဒါကိုတော့ ကျနော်တို့ လုံးဝမသိဘူး၊ ဒါနဲ့ ပတ်သက်ရင် ကျနော်တို့ဘာမှမသိဘူး၊ ဘာမှပြောစရာမရှိဘူး၊ နောက်တခုက Food Supply ပေါ့၊ အဲ့ဒါနဲ့ပတ်သက်ပြီး ခေတ္တ ရပ်ထားတယ်ဆိုတာတော့ သတင်းကြားတယ်၊ သို့သော်လည်းပဲ အဲ့ဒီလူနဲ့ တိုက်ရိုက်ဆက်သွယ်မှုမရှိတော့ အတည်မပြုနိုင်ပါဘူး၊ ဘယ်အချိန်လောက်က စရပ်တယ်ဆိုတဲ့ အသေးစိတ်ထိတော့ မသိဘူး”ဟု ပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်မှ အစားအသောက်များလက်မခံတော့ခြင်းမှာ ကုလသမဂ္ဂကိုယ်စား လှယ် မစ္စတာဂန်ဘာရီ မလာခင်အချိန်ကတည်းကဖြစ်ပြီး ကြားရက်များတွင် ပြန်လက်ခံမှုများ လည်း ရှိနေ၍ ယခုအခြေအနေနှင့်ပတ်သက်၍ သူ့အနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း ဆက်လက်ပြောဆိုသွားသည်။  

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အစားအသောက်ပေးပို့မှုကို ဆက်လက်ငြင်းဆန် နေပါက သူမနှင့် အဖော်နှစ်ဦးအတွက် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာကောင်းနေပြီး သူမ တခုခုဖြစ်သွားပါက မြန်မာပြည်သူများ၏ ပေါက်ကွဲမှုသည် ထိန်းမနိုင်သိမ်းမရ အခြေအနေ သို့ ရောက်ရှိသွားမည်ဟု ကြေညာချက်က ထောက်ပြထားသည်။ 

ယခုအခြေအနေတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အနေဖြင့် ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်သည်ဟု ဆက်လက်ဖော်ပြထားသည်။   

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com