Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ထိုင်း-မြန်မာနယ်စပ်ရှိ အဖွဲ့စည်းများနှင့် တွေ့ဆုံ

ဖြိုးကြီး။ သြဂုတ် ၉၊ ၂၀၀၈ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ခွင့်အရေးအထူးကိုယ် စားလှယ်သည် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ လူ့အခွင့် အရေး လှုပ်ရှားဆောင်ရွက်နေသည့်  နိုင်ငံရေးအဖွဲ့အစည်း များနှင့် တိုင်းရင်းသားအဖွဲ့စည်းများအား တွေ့ဆုံခဲ့သည်။ 

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တောမတ် အိုဂျေး ကွင်တာနာသည် ယနေ့နံနက် (၉) နာရီ မှ (၁၂) နာရီထိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများအား တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်း စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။ 

၎င်းတွေ့ဆုံပွဲသို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂၀) ခန့် တက်ရောက်ခဲ့ကြပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်၍ ယနေ့အချိန်အထိ စစ်အစိုးရ၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို တင်ပြပြောဆိုခဲ့သည်။ 

“မြန်မာပြည်မှာ ယခုအချိန်ထိ ပြောင်းလဲတိုးတက်မှုဆိုတာ မရှိသေးဘူး၊ အထူးသဖြင့် တိုင်းရင်း သား ဧရိယာဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတုန်းပဲဆိုတာ တွေ၊ ရွားသားတွေကို သတ်ဖြတ်နေမှု၊ ရွာတွေကိုမီးရှို့တာတွေ လုပ်နေတုန်းပဲဆိုတာ၊ အဲဒါတွေ ကြောင့် အိုးအိမ်စွန့်ပြီး ပုန်းအောင်းနေရတဲ့ ရွေ့ပြောင်းဒုက္ခသည်တွေ များလာတဲ့အကြောင်းတွေ ကို တင်ပြခဲ့ပါတယ်”ဟု ၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး အမှုဆောင်အတွင်းရေးမှူး နော်စီဖိုးရာက ပြောသည်။ 

အဖွဲ့အစည်းအသီးသီးမှ တင်ပြချက်များနှင့်ပတ်သက်၍ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ၎င်းအနေဖြင့် စစ်အစိုးရထံသို့ နောက်ထပ်သွားရောက်ကာ အနီးကပ် ဖိအားပေးလုပ်ဆောင်ပေး သွားမည်ဟု တုန့်ပြန်ပြောဆိုကြောင်း အခမ်းအနားသို့တက်ရောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား များသမဂ္ဂ အတွင်းရေးမှူး ကိုယဉ်ထွေးက ပြောသည်။ 

“ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေတွေ၊ နအဖစစ်အစိုးရက ဘာပဲလုပ်လုပ် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေသာ ဖြစ်ပေါ်စေတဲ့အကြောင်းတွေ၊ လက်ရှိ ဖြစ်ပေါ်နေတာတွေ၊ ကုလသမဂ္ဂ အနေနဲ့ ဘယ်လိုဆက်လက်လုပ်ပေးမလဲဆိုတာတွေ တင်ပြခဲ့ ပါတယ်”ဟု ကိုယဉ်ထွေးက ပြောသည်။ 

လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာက နယ်စပ်ဒေသရှိ အဖွဲ့အစည်းများနှင့် အမြဲတမ်း ဆက်သွယ်မှုများပြုလုပ်၍ အခြေအနေများကို ဂျီနီဗာမြို့တွင် လာမည့် အောက်တိုဘာ လ၌ ကျင်းပမည့်ညီလာခံတွင် တင်ပြမည်ဖြစ်ကြောင်း ပြောသည်။ 

“အခုဆွေးနွေးခဲ့တာတွေအပြင် နောက်ထပ်ဆွေးနွေးမှုတွေလုပ်ဖို့အတွက် မြန်မာပြည်ကို ထပ်လာရဦးမှာပါ၊ အခု မြန်မာအစိုးရဆီက ရထားတဲ့အချက်အလက်တွေကိုလည်း ပြန်လည် အစီရင်ခံရဦးမှာပါ”ဟု မစ္စတာ ကွင်တာနာက ပြောသည်။

မစ္စတာ ကွင်တာနာက မြန်မာပြည်အတွင်းမှရလာသည့် သတင်းအချက်အလက်များနှင့် နယ်စပ် ဒေသရှိ လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများမှ ရသည့်အချက်အလက်များကို သုံးသပ်၍ အစီရင်ခံစာရေးသားလိုသည့်အတွက် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု နော်စီဖိုးရာက ဆက်လက်ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com