|
နိုင်ငံကျော် ဗေဒင်လက္ခဏာ ဂမ္ဘီရပညာရှင် စာရေးဆရာကြီးမင်းသိင်္ခ ကွယ်လွန်
ဖြိုးကြီး။
သြဂုတ် ၁၊ ၂၀၀၈
နိုင်ငံကျော် ဗေဒင်လက္ခဏာ ဂမ္ဘီရပညာရှင် စာရေးဆရာမင်းသိင်္ခ အသက် (၇၀) သည်
ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။
ရန်ကုန်တိုင်း၊ ကမာရွက်မြို့နယ်၊ ပြည်လမ်းရှိ သုခကမ္ဘာ
နှလုံးအထူးကုဆေးခန်းတွင် ယမန်နေ့ နံနက်ပိုင်းက
တက်ရောက်ဆေးကုသမှုခံသူနေစဉ် ယနေ့နံနက် (၆) နာရီခွဲခန့်က ဆီးချို တက်ကာ
နှလုံးသွေးကြောရပ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ စာရေးဆရာ လက္ခဏာပညာရှင် ဆရာကြီးမင်းသိင်္ခ ကွယ်လွန်ခြင်းအတွက်
ရောင်ပြန် မဂ္ဂဇင်း ထုတ်လုပ်သူတဦးက “စာပေတွေမြောက်များစွာ ရေးသားခဲ့တဲ့
စာရေးဆရာကြီး တယောက်ရဲ့ အရေးအသားတွေကို ပြည်သူတွေ မဖတ်ရတော့ဘူးပေါ့၊
ဆားပုလင်းနှင်းမောင် ပျောက်ကွယ်သွားပြီပေါ့၊
ဆရာကြီးရွှေဥဒေါင်းတို့လိုဘဲပေါ့၊ တန် ဖိုးကြီးတဲ့ စာရေးဆရာ တယောက်
ဆုံးရှုံးသွားတာပေါ့”ဟု ပြောသည်။
ဆရာကြီးမသေဆုံးမီ နောက်ဆုံးထွက်ခဲ့သည့်စာအုပ်များမှာ
လွန်ခဲ့သည့်တလခန့်က လာဘ်မိုးဆွေစာအုပ်တိုက်မှ မြရာရွှေပြည်မင်းသမီး
လုံးချင်းဝထ္တု၊ ပြီးခဲ့သည့်လေးရက်ခန့်က မရမ်းတလင်းစာအုပ်တိုက်မှ
ယတြာချေနည်းစာအုပ်၊ ပြုံးပန်းတရာစာအုပ်တိုက်မှ ထီးထိုးနည်း စာအုပ်များ
ဖြန့်ဝေခဲ့ပြီး ဆက်လက်ထုတ်ဝေရန် စာပေစီစစ်ရေးမှ ခွင့်ပြုသည့်စာအုပ်များ
ကျန်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဆရာကြီးမင်းသိင်္ခရေးသားခဲ့သည့် စာအုပ်များကို လာဘ်မိုးဆွေစာအုပ်တိုက်မှာ
စာအုပ်ပေါင်း(၄၀) ကျော်၊ မရမ်းတလင်း၊ ပြုံးပန်းတရာ၊ အောင်မြင်၊
ဉာဏ်ဝင်း အစရှိသည့်စာအုပ်တိုက်များမှ စာအုပ်ပေါင်းမြောက်များစွာ
ထုတ်ဝေခဲ့ပြီး နောက်ဆုံးအချိန်ထိ ရောင်ပြန်မဂ္ဂဇင်းစာအုပ်တွင် လည်း
လက်တွဲလုပ်ဆောင်ခဲ့သည်။
“ဗေဒင်လက္ခဏာပညာမှာ အရမ်းတတ်ကျွမ်းတဲ့အပြင် စာပေအသိုင်းအဝိုင်းမှာလဲ
သြဇာတိက္ခိမ ကြီးမားတဲ့ ဆရာကြီးတယောက် ကွယ်လွန်သွားတဲ့အတွက်
ဆုံးရှုံးမှုတွေဖြစ်ပေမဲ့ သူ မွေးထုတ် ခဲ့တဲ့ တပည့်တွေတော့
အများကြီးကျန်ရစ်ခဲ့ပါတယ်၊ သူရေးခဲ့တဲ့စာတွေက နောက်တနှစ်ခွဲစာ
လောက်တော့ ကျန်သေးတယ်”ဟု ရောင်ပြန်မဂ္ဂဇင်းထုတ်လုပ်သူက ဆက်လက်ပြောသည်။
ဆရာကြီးကွယ်လွန်ချိန်တွင် သားဖြစ်သူ မောင်မောင်သစ်၊ ညီဖြစ်သူ
ဝင်းဇော်(သစ်တော)နှင့် ညီမတဦးတို့သာ ကျန်ရစ်ခဲ့သည်။
ယခုလက်ရှိ ဆရာကြီး၏ဈာပနကို ရေဝေးရေခဲတိုက်တွင် ပြင်ဆင်ထားရှိပြီး (၅ ၊
၈၊ ၂၀၀၈) အင်္ဂါနေ့ နံနက် (၁၁) နာရီအချိန်တွင် ရေဝေးသုသာန်တွင်
ဂူသွင်းသဂြိုလ်မည်ဖြစ်သည်။
ဆရာမင်းသိင်္ခသည် မနုစာရီ၊ ဆားပုလင်းနှင်းမောင်၊ ဖြစ်ချင်တာဖြစ်
မောင်ဘချစ်၊ ပုဏ္ဏား ဘကွန်း စသည့် လုံးချင်းဝထ္ထုများဖြင့် စာပေနယ်တွင
်အောင်မြင်ကျော်ကြားခဲ့သူတဦးဖြစ်သည်။ |