Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

 မိုင်းထောင်ဖောက်ခွဲပြီးနောက်  KNU နှင့် KNPP တပ်ဖွဲ့များက  ခြုံခိုတိုက်ခိုက်သဖြင့် စစ်အစိုးရတပ်သားအချို့ ကျဆုံး 

ဗထူး။ သြဂုတ် ၁၊ ၂၀၀၈ 

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင် များက လောပိတဓါတ်အားလိုင်းအား မိုင်းထောင် ဖျက်ဆီးပြီး နယ်မြေရှင်းလင်းရေး စစ်အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်သားအချို့ ကျဆုံးခဲ့သည်။ 

ယမန်နေ့က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့နယ်၊ ယာဒိုကျေးရွာအနီးရှိ လောပိတ - တောင်ငူ ဓါတ်အားလိုင်းအား KNU နှင့် KNPP တပ်ဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲပြီး နယ်မြေ ရှင်းလင်းရေး စစ်အစိုးရတပ်ဖွဲ့အား ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု KNU သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစောလှငွေက ပြောသည်။ 

“မိုင်းခွဲတာက မနက် (၁) နာရီခွဲလောက်၊ မနက် (၆) နာရီခွဲလောက်ကျတော့ သူတို့ရှင်းလင်းရေး လာတာကို စောင့်ပစ်တာ၊ (၁၀) မိနစ် တိုက်ပွဲဖြစ်တယ်၊ သူတို့ဘက်က တပ်ကြပ်ကြီးတယောက် အပါအဝင် လေးယောက်ကျတယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

နယ်မြေရှင်းလင်းရေးလာရောက်သည့် ခလရ (၇၅) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားစဉ်တွင် (MA-1) မောင်းပြန်ရိုင်ဖယ်တလက်၊ (M-79) ဗုံးပစ်လောင်ချာတလက်၊ ဆက်သွယ်ရေး လျှပ်စစ်အား သွင်းစက်တလုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ယမန်နေ့ည (၁၀) နာရီ (၄၀) မိနစ်တွင် လောပိတ - တောင်ငူ (230 KVA) မဟာဓာတ်အားလိုင်း  တာဝါတိုင်အမှတ် (၂၀၆) ကို KNU မှ မိုင်းခွဲဖျက်ဆီး ခဲ့သဖြင့် တာဝါတိုင်ပြိုလဲသွားကြောင်း ဖော်ပြထားသည်။ 

စစ်အစိုးရသတင်းစာကို ကိုးကား၍ ဆင်ဟွာသတင်းဌာနကမူ KNU အနေဖြင့်  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း   မြဝတီနှင့်ကော့ကရိတ်သွား ခရီးသည်တင်ကားအား ဗုံးထောင်ဖောက်ခွဲခဲ့သည့်အတွက် ခရီးသည် (၈) ဦးသေဆုံးပြီး (၆) ယောက်ဒဏ်ရာရခဲ့သည့် အတွက် စစ်အစိုးရက KNU ၏လုပ်ရပ်အား ရှုတ်ချခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ 

ဆင်ဟွာသတင်း၏ကိုးကားရေးသားချက်နှင့်ပတ်သက်၍  ဗိုလ်မှူးစောလှငွေက KNU ၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး “ဒါကတော့ မြူစစ်ပဲ မိုင်းထောင်ဖောက်ခွဲတယ်၊ မိုင်းသံကြားတော့ လာတယ်၊ လာတော့တိုက်တယ်ဗျာ၊ ဆင်ဟွာမှာ ဖော်ပြတာကို ကျနော် နားမလည်ဘူး၊ KNU က ခရီးသည်တိုက်ခိုက်ရေးအဖွဲ့မှမဟုတ်တာ”ဟု ပြောဆိုသွားခဲ့သည်။   

စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာကမူ ဗုံးထောင်ဖောက်ခွဲ၍ ဓါတ်အားတိုင်ပျက်စီးသွား သည်ဟုသာ ဖော်ပြထားပြီး တိုက်ပွဲဖြစ်ပွားမှုကို ရေးသားထားခြင်းမရှိပေ။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com