|
အခမဲ့ ဓါတ်မြေသြဇာအိတ်များပေးဝေရာတွင်
ကျေးရွာအာဏာပိုင်များက
ငွေကြေးတောင်းယူ
ဖြိုးကြီး။
သြဂုတ် ၂၇၊ ၂၀၀၈
ကျေးရွာအာဏာပိုင်များက တောင်သူလယ်သမားများအား ဓါတ်မြေသြဇာအိတ်များ
ထုတ်ပေးရာ တွင် ငွေကြေးတောင်းယူမှုများ ပြုလုပ်နေသည်။
ယခုလ (၂၂) ရက်နေ့က ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာတွင် ရယကဥက္ကဌ
ဦးခင်စိုး နှင့်အဖွဲ့ဝင် ကိုမောင်မောင်တို့က
အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်း(မြန်မာ)အဖွဲ့မှ အခမဲ့ပေးဝေ သည့်
ပုလဲဓါတ်မြေသြဇာအိတ်များကို တအိတ်လျှင်ငွေ (၅,၀၀၀) ကျပ်နှုန်းဖြင့်
တောင်သူများထံ မှ တောင်းယူနေသည်ဟု ဒေသခံရွာသားများက ပြောသည်။
“သယ်ယူစရိတ်ဆိုပြီး တောင်းတာ၊ တအိတ်ကို (၅,၀၀၀)၊ အခုလိုဒုက္ခရောက်နေတဲ့အချိန်မှာ
တောင်းတယ်ဆိုတော့ ကျနော်တို့မှာ ဗူးလေးရာဖရုံဆင့်ဖြစ်နေတာ၊
အဲလိုအခက်အခဲတွေ ဖြစ်နေတော့ လယ်သမားတွေကလည်း တယောက်တပေါက်
ပြောကြဆိုကြဖြစ်နေတယ်” ဟု မြင်းကကုန်းရွာသားတဦးက ပြောသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်
ဓါတ်မြေသြဇာများပေးဝေရာတွင် သယ်ယူစရိတ်အဖြစ်
ငါးရာ၊ တထောင်ခန့်သာ တောင်းယူနေသော်လည်း မြင်းကကုန်းရွာတွင်မှု
ယခုကဲ့သို့အဆမတန် တောင်းယူနေခြင်းဖြစ်သည်ဟု ၎င်းရွာသားက ဆက်လက်ပြောသည်။
အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်း(မြန်မာ)အဖွဲ့ ဘိုကလေးမြို့နယ်
တာဝန်ခံက “ကျနော်တို့ ရွာအရောက် အခမဲ့ပို့ပေးပါတယ်၊ တချို့ရွာတွေကျတော့
အလှမ်းဝေးတော့ မိုးလေလွတ်တဲ့ ရွာတွေမှာ ပုံလိုက်တာတွေလဲရှိတယ်၊
တောင်သူတွေကိုချိန်းပြီး တဦးချင်းကို လယ်သီးစား မှတ်ပုံတင်နဲ့
ဝန်ထမ်းကိုယ်တိုင်သွားပြီးတော့ ထုတ်ပေးပါတယ်” ဟု ပြောသည်။
ယခုကဲ့သို ကျေးရွာအာဏာပိုင်များက ငွေကြေးတောင်းယူနေခြင်းကို
မသိရကြောင်းနှင့် ငွေကြေးတောင်းယူမှုများ
မပြုလုပ်ရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများကို ပြောဆိုထား ကြောင်း ၎င်းက
ဆက်လက်ပြောသည်။
“ကျနော်တို့ စဝေတာက ဒီလ(၃)ရက်နေ့က၊ ပထမ တောင်သူတဦးချင်းကို
မြို့ပေါ်ခေါ်တဲ့အခါ ကြတော့ တောင်သူတွေကပြောတယ်၊ ရွာအရောက်ပို့ပေးပါ
စရိတ်တွေပိုကုန်တယ်ဆိုတော့ ကျနော်တို့က ရွာအရောက်ပို့တဲ့စနစ်ကို
ပြန်သုံးလိုက်တာ၊ အခုလိုငွေတောင်းတယ် ဆိုတာကို လည်း
တောင်သူတွေကိုပြန်မေးကြည့်လို့ ဟုတ်တယ်ဆိုရင် ပြန်အမ်းခိုင်းမှာပါ” ဟု
၎င်းက ဆက်လက်ပြောသည်။
မြင်းကကုန်းကျေးရွာတွင် တောင်သူလယ်သမား (၂၅၇) ဦးအတွက် (၁)ဦးလျှင်
တအိတ်နှုန်းဖြင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်း(မြန်မာ)အဖွဲ့က
အခမဲ့ပေးဝေနေခြင်းဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေသည့် ကျေးရွာများတွင် တောင်သူတဦးချင်းစီကို လက်ဝယ်အရောက် ပေးဝေနေခြင်းဖြစ်သည်ဟု ဆိုသည်။ |