Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဖောက်ခွဲရေးသမားများသတင်းပေးလျှင် ဆုချီးမြှင့်မည်ဟုဆို 

ရိုးမ ၃။ သြဂုတ် ၆ ၂၀၀၈  

ပဲခူးမြို့တွင် ဖောက်ခွဲရေးသမားများရောက်ရှိနေသည့်အတွက် သတင်းပေးသူအား ဆုချီးမြှင့် မည်ဖြစ်ကြောင်း ကြေညာထားသည့်စာရွက်များ နေရာအနှံ့ကပ်ထားပြီး လုံခြုံရေးများ ပိုမို တင်းကျပ်စွာ ချထားသည်ဟုဆိုသည်။ 

အဆိုပါစာရွက်များကို ယခုလ (၃) ရက်နေ့မှစတင်ကာ ကပ်ထားခြင်းဖြစ်ပြီး သတင်းပေးသူအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆုငွေ (၂၅) သိန်းချီးမြှင့်မည်ဟု ရေးသားထားကြောင်း မြို့ခံတဦးက ပြောဆိုသည်။ 

“လူလေးယောက်ရဲ့ပုံတွေကို ခဲပန်းချီနဲ့ဆွဲပြီး ကော်ပီကူးထားတာ၊ သဲသဲကွဲကွဲလည်းမရှိဘူး၊ အဲမှာရေးထားတာက ဒီလေးယောက်ကို သတင်းပေးနိုင်ပါက ဆုငွေပေးမယ်ဆိုပြီးတော့ အောက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ရေးထားတာ၊ အေဖိုးစာရွက်နဲ့ရေးကပ်ထားတာ”ဟု မြို့ခံက ပြောသည်။ 

ဖောက်ခွဲရေးသမားများမှာ မောင်ကိုနိုင် (ခ) ကိုကိုနိုင်၊ မအေမီကျော် (ခ) အေစမီကျော်၊ ကျော်သီဟနှင့် သက်ထွန်းဆိုသူတို့ဖြစ်ကြောင်း ၎င်းကြေညာစာရွက်တွင် ရေးသားထားသည်ဟု ဆက်လက်ပြောသည်။ 

၎င်းကိစ္စနှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်းမှ တာဝန်ကျဒုရဲအုပ်တဦးက “ဓါတ်ပုံတွေကပ်ထား တယ်ဆိုတာက ဟုတ်ပါတယ်၊ ရပ်ကွက်အလိုက် (ရယက)ရုံးတွေ၊ သက်ဆိုင်ရာ နေရာလေးတွေ ကို ပို့ထားတာပါ၊ သုံးလေးရက်လောက်ရှိသွားပါပြီ”ဟု အတည်ပြုပြောကြားခဲ့သည်။ 

အခြေအနေသေးစိတ်ကို ဆက်လက်မေးမြန်းရာ ၎င်းတို့အနေဖြင့် အောက်ခြေအဆင့် ဝန်ထမ်း များဖြစ်သည့်အတွက် အတိအကျမသိကြောင်းနှင့် အထက်အမိန့်အရ ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ဆက်လက်ပြောသည်။ 

ထို့အပြင် နေပြည်တော်မြို့နှင့် အခြားမြို့ကြီးများတွင်လည်း ၎င်းကြေညာများ ကပ်ထားပြီး လုံခြုံရေးများ တိုးမြှင့်ထားကာ စစ်ဆေးမှုများလည်း ပြုလုပ်နေလျှက်ရှိသည်။ 

ပဲခူးမြို့ပေါ်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသော်လည်း ဒေသခံများအနေဖြင့် စိုးရိမ်ထိန့်လန့်မှု မရှိကြောင်းနှင့် ယနေ့သည် ပဲခူးမြို့တွင် ပထမဆုံး ကျောင်းသားများသွေးမြေကျခဲ့သည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့လည်းဖြစ်သည်ဟု မြို့ခံတဦးက ဆက်လက်ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com