|
အာဏာပိုင်များက လူငယ်အဖွဲ့ဝင်များကိုဖမ်းဆီး၍ ချက်ချင်းရုံးထုတ်
ရိုးမ ၃။
သြဂုတ် ၂၈၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်အဖွဲ့ဝင်များကို နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချက်ချင်း
ရုံးတင်တရားစွဲမှုများ ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့် ကြည့်မြင့်တိုင်မြို့နယ်များမှ
အဖွဲ့ချုပ်ဝင်လူငယ်များကို ယမန်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး
ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်တရားရုံး တွင်
ရုံးထုတ်ခဲ့ခြင်းဖြစ်သည်၊
ယင်းကဲ့သို့ဖမ်းဆီးခြင်းခံရသူများမှာ လှိုင်သာယာမြို့နယ်မှ ဦးတင်ယု၊
မောင်ဆန်းလှိုင်၊ စိုးမင်းမင်း၊ မလှလှမော်နှင့်
ကြည့်မြင့်တိုင်မြို့နယ်မှ ကိုရန်နိုင်ထွန်းတို့ ဖြစ်သည်၊
ဦးတင်ယုအား ဖမ်းဆီးသွားပုံနှင့်ပတ်သက်၍ သမီးဖြစ်သူက “ကျမတို့အဖေကို
လာခေါ်တာ ကတော့ ည (၁)နာရီလောက်မှာ၊ လှိုင်သာယာအပေါ်စခန်းက လာခေါ်တာ၊
စခန်းမှူးအပါအဝင် ၅ ယောက်လောက်ရှိတယ်၊ ရယကဥက္ကဋ္ဌလဲ ပါတယ်၊
ဘာအကြောင်းပြလဲဆိုတော့ မနှစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်
ဆုတောင်းပွဲကို လမ်းလျှောက်တဲ့အဖွဲ့ကို ဖမ်းပြီးရုံးတင်မှာလို့
ပြောပြီး လာခေါ်တာ”ဟု ပြောသည်။
၎င်းတို့နှင့်အတူ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားသည့် သန့်ဇင်မျိုး၊
ကျော်စိုးဝင်း၊ မောင် ဆန်းဝင်း၊ ကိုအောင်မင်းနိုင် (ခ) ကိုမီးသွေး၊
မျိုးကျော်ဇင်၊ ကိုဝင်းမြင့်တို့ကိုပါ အမှုတွဲအဖြစ် တပြိုင်နက်တည်း
ရုံးထုတ်စစ်ဆေးခဲ့ပြီး ပုဒ်မ ၁၄၃၊ ၅၀၅(ခ)၊ ၁၄၅၊ ၁၅၂ တို့နှင့်
စွဲဆိုထား ကြောင်း ရှေ့နေက ပြန်လည်ပြောဆိုသဖြင့် သိရသည်ဟု ဆိုသည်။
“ဒီနေ့မှာ သူတို့ကို ချက်ချင်းရုံးထုတ်ပြီး အမှုစွဲတင်တယ်၊ အကုန်လုံးကို
ရုံးထုတ်တာကိုလည်း မိသားစုတွေက မသိရဘူး၊ သူများတွေပြောလို့
သွားကြည့်တာ၊ ရုံးရောက်တော့ တကယ် ထုတ်တာ ဖြစ်နေတယ်၊ လုံခြုံရေးတွေလည်း
တင်းတင်းကြပ်ကြပ် ချထားတယ်၊ မိသားစုဝင် တွေကို အနားကပ်ခွင့်တောင်
မပေးဘူး၊ ကျနော်တို့က မိသားစုတွေကို တွေ့ခွင့်ပေးပါ၊
ထမင်းကျွေးခွင့်ပေးပါဆိုတော့ ဘာကိုမှခွင့်မပြုဘူး”ဟု ကိုသန့်ဇင်မျိုး၏
မိသားစုဝင်တဦးက ပြောသည်။
ထိုအမှုတွဲ ၁၁ ဦးသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရား
ဝတ်ပြုဆုတောင်းပွဲသို့ လမ်းလျှောက်ချီတက်စဉ်က ဖမ်းဆီးခံခဲ့ရပြီး
အာဏာပိုင်များက အဖွဲ့သုံးဖွဲ့ခွဲကာ ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့
ထပ်မံ ဖမ်းဆီးတရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ဝတ်ပြုဆုတောင်းပွဲသွားတုန်းက ဖမ်းသွားတာ၊ အဲဒါကို သုံးဖွဲ့ခွဲပြီး
ပြန်လွှတ်တယ်၊ နိုငံတော် ကနေ စေတနာထားပြီး ပြန်လွှတ်တယ်ဆိုပြီး
သတင်းစာက တရားဝင်ကြေငြာပြီးတော့ လွှတ် လိုက်တာ၊ သူတို့ကို (၄၄)
ရက်အကြာမှာ တသုတ် လွှတ်တယ်၊ (၄၉) ရက်အကြာမှာ တသုတ်၊ ရက်ပေါင်း (၇၀)
ကျော်အကြာမှာ တသုတ် အဲလိုပြန်လွှတ် လိုက်တာ”ဟု ၎င်းက ပြောသည်။
၎င်းတို့အား တရားဝင် နိုင်ငံတော်က လွှတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့
ပြန်လည်ဖမ်းဆီး၍ ချက်ချင်း တရားစွဲဆိုခဲ့သည့်အပေါ်
မိသားစုဝင်များနေဖြင့် မည်သို့နားလည်ရမည်ကို မသိတော့ ကြောင်း
မိသားစုဝင်တဦးက ဆက်လက်ပြောဆိုခဲ့သည်။ |