(၈)လေးလုံးအရေးတော်ပုံ နှစ်(၂၀)
ပြည့် အခမ်းအနားကျင်းပ
ရိုးမ ၃။ သြဂုတ်
၈၊ ၂၀၀၈

ယနေ့
ကျရောက်သည့် (၈)လေးလုံး အနှစ်(၂၀) ပြည့်အခမ်းအနားကို
ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစုအဖွဲ့များ
ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ် ကာ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ
သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး အင်အား (၃၀၀)ကျော်ခန့်
တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ “(၈)
လေးလုံးရဲ့စိတ်ဓါတ်၊ မတရားမှု တွေမှန်သမျှကို
ဆန့်ကျင်တော်လှန်သွားမယ်ဆိုတဲ့ လူထုရဲ့စိတ်ဓါတ်ဟာ ယနေ့ထိ ရှင်သန်နေ
တယ်၊ ဆက်လက်၍လည်း ရှင်သန်သွားဦးမယ်ဆိုတာကို ဖော်ပြနေတဲ့
ရည်ရွယ်ချက်နဲ့ ကျင်းပ တာပါ” ဟု
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ) နိုင်ငံခြားရေးရာကော်မတီ
တာဝန်ခံကိုမင်းနိုင်က ပြောသည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားတွင် ကျဆုံးခဲ့သည့်အာဇာနည်များကို
လေးပြုခြင်းဖြင့် စတင် ခဲ့ပြီး
အရေးတော်ပုံလှုပ်ရှားမှုသမိုင်းကြောင်းများကို ပြန်လည်ပြောဆိုကြကာ
(၈) လေးလုံး စိတ်ဓါတ်ကို ကိုင်စွဲ၍ စစ်အာဏာရှင်စနစ်ကို
အပြီးတိုင်ချုပ်ငြိမ်းသွားသည်အထိ တိုက်ပွဲဝင်သွား ကြရန်တို့ကို
တက်ရောက်လာသည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။
(ဗကသ)နိုင်ငံခြားရေးရာ တာဝန်ခံကိုမင်းနိုင်က
“(၈)လေးလုံးအရေးတော်ပုံကြီးဟာ အနှစ်(၂၀) ကျော်ခဲ့ပြီ၊
အရေးတော်ပုံကြီးရဲ့မျှော်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် ပြုက်ကျရေး၊
မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရှင်သန်ထွန်းကားဖို့
အဲဒီတာဝန်တွေဟာ ကျနော်တို့ မပြီးဆုံး သေးဘူး၊ အခုချိန်ဟာ
အလွန်အရေးကြီးတဲ့အချိန်ကာလလည်း ဖြစ်တယ်၊ လူထုတရပ်လုံးပါဝင် တဲ့
တိုက်ပွဲကြီးဖြစ်ပေါ်လာပြီး (၈) လေးလုံးရဲ့ ရည်မှန်းချက်အတွက်
အထူးကြိုးစားကြဖို့လိုပြီလို့ ပြောချင်ပါတယ်” ဟု
ဆက်လက်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဌ
ရဲဘော်ကိုသံခဲက နိုင်ငံရေး၊ သံတမန်ရေးများအရ တိုက်ပွဲဝင်နေကြသည့်
မည်သူမဆို (၈) လေးလုံးစိတ်ဓါတ်ကို ကိုင်စွဲထားရန်လိုအပ်ပြီး
မိမိတို့ရောက်ရှိနေသည့်နေရာမှာပင် ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်
သည်ဟု ပြောသည်။
“ကျနော်တို့အနေနဲ့ နိုင်ငံရေးတာဝန်အရကတော့ မြန်မာပြည်မှာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက်မပေးနိုင်တဲ့
နအဖစစ်အစိုးရက အဓမ္မအတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို
တိုက်ဖျက်ရမှာဖြစ်သလို လာမည့်(၂၀၁၀)မှာ လုပ်မဲ့ တရားမဝင်တဲ့
ရွေးကောက်ပွဲကိုလည်း နိုင်ငံရေးအရ ဆက်လက်တိုက်ပွဲဝင်သွားဖို့
လိုတယ်” ဟု ဆက်လက်ပြောသည်။
ထို့အပြင် (၈) လေးလုံး အထိမ်းအမှတ်အခမ်းအနားများကို
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော် ဆေးခန်းတွင် အရေးတော်ပုံအတွင်း
ကျဆုံးခဲ့သူများအားရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်
လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အခြားနေရာများတွင်လည်း
ကျင်းပပြုလုပ်ခဲ့ကြသည်။