|
လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆက်တိုက်ဖြစ်ပေါ်နေ
ဖြိုးကြီး။
သြဂုတ် ၃၀၊ ၂၀၀၈
ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းဝန်းများအတွင်း
လက်ကမ်းစာစောင်များဖြန့်ဝေသည့် လှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း
ဆက်တိုက်ဖြစ်ပေါ်နေသည်။
၂၀၀၇ မျိုးဆက်သစ် ကျောင်းသားများသမဂ္ဂအဖွဲ့က ယခုလ (၂၈) ရက်နေ့မှစတင်ကာ
ဒဂုံ တက္ကသိုလ်၊ မှော်ဘီနည်းပညာကောလိပ်နှင့်
ကွန်ပြူတာတက္ကသိုလ်ဝန်းများအတွင်း ဖြန့်ဝေနေ ခြင်းဖြစ်သည်။
“ကျနော်တို့တွေဟာ သက်ဆိုင်ရာတက္ကသိုလ် နယ်မြေဝန်းအတွင်းမှာတောင်မှ
လွတ်လွတ် လပ်လပ် သွားလာခွင့်မရပါဘူး၊ အထူးသဖြင့် ကိုယ့်မေဂျာအဆောင်ကနေ
အခြားအဆောင်ကို သွားရောက်ခွင့်တောင် မရှိတော့ဘူးဖြစ်နေတယ်၊
ကျောင်းသားအတွက် အသင်းပင်းဖွဲ့စည်းမှု တွေ ဆိုတာလည်း မရခဲ့ဘူး၊
ပညာသင်ကြားရေးမှာလည်း ကျနော်တို့သင်နေရတာတွေက အဆင့်မှီတဲ့ပညာရပ်တွေ
မဟုတ်တော့ဘူး၊ သင်ထောက်ကူပစ္စည်းဆိုတာတွေက ကျောင်းသား တွေအတွက်
လုံလောက်မှုမရှိပါဘူး၊ အဲဒါတွေအတွက်တောင်းဆိုထားတာ”ဟု ၂၀၀၇ မျိုးဆက် သစ်
ကျောင်သားများသမဂ္ဂအဖွဲ့ တာဝန်ရှိသူကျောင်းသားတဦးက ပြောသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ဆုံးရှုံးနစ်နာနေသည့်
ကျောင်းသားအခွင့်အရေး၊ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုကြီးကို
ကျောင်းသားထုနှင့် ပြည်သူလူထုကြားတွင် မမေ့ မလျော့ရှိရန်၊
(နအဖ)အတည်ပြုထားသည့် ဖွဲ့စည်းပုံအား လက်မခံကြောင်းနှင့်
နာဂစ်မုန်တိုင်း အတွင်း အစိုးရ၏ တာဝန်မဲ့မူများကို ပြည်သူလူထုအတွင်း
သိအောင်ရေးသားထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၀၇ မျိုးဆက်သစ်ကျောင်သားများသမဂ္ဂ ဖွဲ့စည်းသည့်အချိန်မှစ၍
ကျောင်းသားများ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက်
ကျောင်းသားထုတရပ်လုံး၏ အင်အားကိုရယူကာ ရည်မှန်းချက်များ
အောင်မြင်သွားသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်းနှင့်
ကျောင်းသားထုအတွင်း စည်းလုံးညီညွတ်မှုရရှိရန်တို့ကို ရည်ရွယ်၍
ဖွဲ့စည်းခဲ့ ကြောင်း ၎င်းက ပြောသည်။
“အဲဒီလက်ကမ်းစာစောင်တွေကို ဖတ်လိုက်ရတော့ ကိုယ်တိုင်လဲ စက်တင်ဘာတုန်းက
ကြုံတွေ့ လိုက်ရတယ်ဆိုတော့ အရမ်းခံစားရတယ်၊ စစ်အစိုးရကို ဆန့်ကျင်ဖို့
ဆန္ဒတွေ ပိုပြင်းထန်လာ တယ်၊ ၂၀၀၇ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီးတော့
တိုက်ပွဲဝင်ဖို့၊ ကျမတို့ ကျောင်းသား အခွင့်အရေးတွေဆိုတာလည်း
ဘာမှမရှိတော့လောက်အောင် ဆုံးရှုံးနေတယ်လေ၊ အားလုံးကလဲ ထောက်ခံ ကြတယ်၊
စစ်အစိုးရကိုအလိုမရှိတော့ဘူးလို့ ခံစားရတယ်”ဟု မှော်ဘီနည်းပညာ တက္ကသိုလ်
ဒုတိယနှစ်ကျောင်းသူတဦးက ပြောသည်။
ယခုကဲ့သို့ ရွယ်တူကျောင်းသားကျောင်းသူများက အားလုံကို စွန့်လွှတ်ကာ
ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည့်အတွက် မိမိအနေဖြင့်လည်း
စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တိုက်ထုတ်အောင်မြင်ရမည်ဆိုသည့်
ဆုံးဖြတ်ချက်ဖြင့် ပူပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။ |