|
လက်ကမ်းစာစောင်များ ရန်ကုန်တွင်ဖြန့်ဝေ
ရိုးမ ၃။
ဧပြီ ၂၆၊ ၂၀၀၈
ရန်ကုန်မြို့တွင် (NLD)အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် လူထုသို့ပန်ကြားချက်
လက်ကမ်းစာစောင်များ ကို လူငယ်များက လိုက်လံဖြန့်ဝေနေလျှက်ရှိသည်။
ဧပြီလ (၂၄)
ရက်နေ့၊ နေ့လည် (၁) နာရီခန့်က ရန်ကုန် တာမွေဈေးတွင် လူငယ် ၉ ဦးက
(NO) တံဆိပ်များပါသည့် အ၀ါရောင်တီရှပ်များဝတ်ဆင်၍
လိုက်လံဝေငှနေခြင်းဖြစ်သည်။
မျက်မြင်သက်သေတဦးက “ဈေးသူဈေးသားတွေ၊ လမ်းသွားလမ်းလာတွေကအစ၊
ဈေးဝယ်တဲ့ လူတွေကအစ၊ နောက်ပြီးတော့ ဆိုက်ကားဆရာတွေကအစ ဒီဟာတွေကို
လိုလိုလားလားနဲ့ လက်ခံရယူတယ်၊ တချို့ဆိုရင် ဖတ်ချင်လွန်းလို့ နောက်က
လိုက်တောင်းနေတာတွေ တွေ့ခဲ့ရ တယ်၊ ငြင်းဆန်တဲ့ လူတွေကို
တစ်ယောက်မှမတွေ့ခဲ့ရဘူး”ဟု ပြောသည်။
၎င်းလူငယ်များက
လက်ကမ်းစာစောင်များဖြန့်ဝေပြီး တက္ကစီကားငှား၍ ထွက်သွားပြီးနောက် မိနစ်
(၂၀) ခန့်အကြာတွင် ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့များက
ဒိုင်နာကားနှစ်စီးဖြင့် ရောက်ရှိလာပြီး အနီးနားဝန်းကျင်တွင်
စာရွက်ဖြန့်ဝေသူများကို လိုက်ရှာဖွေခဲ့ကာ တစုံတရာမေးမြန်းခြင်းမရှိဘဲ
ပြန်ထွက်သွားခဲ့သည်။
တာမွေဈေးအနီး ဆိုက်ကားဂိတ်မှ ဆိုက်ကားဆရာများက “ဒီတခေါက်တော့
သီးမခံနိုင် တော့ဘူး၊ လာရင်တော့ ဒို့ကတော့ ချတော့မှာပဲ၊ ဒီကောင်တွေကို
ကြည့်မရတာကြာပြီ”ဟု ပြောဆိုနေကြပြီး မိန်းကလေးငယ်များက
လက်ကမ်းစာစောင်များကို ပလက်ဖောင်းပေါ်တွင် တစုံတရာကြောင့်ကြမှုမရှိဘဲ
စိတ်ဝင်တစား အသံထွက်ဖတ်နေကြသည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းမျက်မြင်သက်သေက
ဆက်လက်ပြောသည်။ |