|
တပ်ရင်းတရင်း မဲပုံးတပုံးဖြင့်
တပ်ထဲမှာသာ ဆန္ဒမဲပေးရမည်
ဗထူး။ ဧပြီ
၂၂၊ ၂၀၀၈
စစ်အစိုးရက
လက်အောက်ခံ တိုင်းတပ်မနှင့် တပ်ရင်းများမှ စစ်သားများ ဆန္ဒမဲပေးရန်အတွက်
တပ်ရင်းတရင်းလျှင် မဲပုံးတပုံးထားရှိ၍ ဆန္ဒမဲပေးနိုင်ရေး
စီစဉ်ဆောင်ရွက်လျှက်ရှိသည်။
ယခုလ (၂၀)
ရက်နေ့မှစတင်ကာ တရားဝင် ထုတ်ပြန်ညွှန်ကြားခြင်းမရှိဘဲ တပ်တွင်း၌သာ
မဲပေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခုရက်ပိုင်းမှစတင်ကာ မေလ (၁၀) ရက်အတွင်း စစ်ဆင်ရေးနှင့်
နယ်မြေအသီးသီးသို့ ထွက်ခွါ မည့် တပ်ရင်းတပ်ဖွဲ့မှ စစ်သားများထံမှ
ကြိုတင်ဆန္ဒမဲများ ကောက်ခံနေသည်ဟုဆိုသည်။
“စစ်ဆင်ရေးထွက်မဲ့သူတွေက ထွက်သွားပြီလေ၊ အဲ့တော့ အဲ့ဒီလူတွေက ဆန္ဒမဲ
တခါတည်းပေး ထားခဲ့ရတယ်၊ ကျန်တဲ့လူတွေကတော့ တပ်ရင်းတရင်း မဲရုံတရုံစီနဲ့
တပ်ထဲမှာပဲလုပ်မယ်”ဟု အမည်မဖော်လိုသည့် စစ်မှုထမ်းဆဲတဦးက ဆိုသည်။
အဆိုပါ
တပ်ရင်းများတွင်ပြုလုပ်မည့် မဲရုံများကြီးကြပ်သူများမှာလည်း
တပ်ရင်းများမှ စစ်သည် ဝန်ထမ်းများသာဖြစ်ပြီး
တပ်ရင်းတပ်ဖွဲ့များအခြေစိုက်ရာ ကျေးရွာ/ရပ်ကွက်/မြို့နယ် မဲရုံများသို့
သွားပေးစရာမလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုရက်ပိုင်းတွင် တပ်ရင်းတပ်ဖွဲ့များမှ မဲရုံကြီးကြပ်သူများ
တက်ရောက်ရသည့် မဲရုံမှူး သင်တန်းများကို သရုပ်ပြမှုများအပါအ၀င်
သက်ဆိုင်ရာ နယ်မြေအလိုက် ကျင်းပနေသည်ဟု ဆိုသည်။
၁၉၉၀
ခုနှစ်၊ မေလရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် တပ်မတော်သားတဦးက “အရင်
ဗိုလ်ချုပ်ကြီးစောမောင်နဲ့ စစ်ရုံးတရုံးလုံး၊ နောက် အမှတ် (၁)
ဆက်သွယ်ရေးတပ်ရင်းတရင်း လုံးက စပတ်ရှားလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းဒေါင့်
မဲရုံမှာ လာထည့်ကြတာ၊ အရပ်ထဲမှာ ထည့်ရ တာ၊ ခုက တပ်ထဲမှာ
တပ်ကလူပဲစောင့်မယ်ဆိုတော့ Free and Fair ဘယ်လိုမှမဖြစ်နိုင်တော့ ဘူး”ဟု
ဆိုသည်။
စစ်ဆင်ရေးနယ်မြေရောက် စစ်သည်များနှင့် စစ်ဆင်ရေးနယ်မြေနှင့်
နယ်မြေအသီးသီးသို့ ထွက်ခွါမည့် တပ်ဖွဲ့ဝင်စစ်သားများအနေဖြင့်
ကြိုတင်ဆန္ဒမဲပေးရခြင်းမှာလည်း လွတ်လပ်စွာ မဲပေးနိုင်ခွင့်အား
အကန့်အသတ်ဖြစ်စေပြီး မိမိတို့ဆန္ဒမှန်များကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
အတိုက်အခံများ၏ ကန့်ကွက်သံများ တိတ်ဆိတ်နေချိန်တွင် စစ်အစိုးရအနေဖြင့်
အခြေခံဥပဒေ မူကြမ်း အတည်ပြုနိုင်ရေးအတွက် အောက်လမ်းနည်းသုံး၍
ထောက်ခံမဲရယူနေသည်ဟု သြစတြေးလျအသံလွှင့်ဌာန(ABC)က ယနေ့ ပြောဆိုလိုက်သည်။
|