|
ခရီးသွားခွင့်(ယာယီ)ကဒ်များ ချိတ်ဆွဲရန်ညွှန်ကြား
ဖြိုးကြီး။ ဧပြီ ၈၊ ၂၀၀၈
မြန်မာစစ်အစိုးရအာဏာပိုင်များက
အဝေးပြေးမော်တော်ယာဉ်လိုင်းများတွင် ခရီးသွားပြည်သူ များကို
(ယာယီ)ခရီးသွားခွင့် ကဒ်များချိတ်ဆွဲထားကြရန် ညွှန်ကြားထားသည်။
ပြီးခဲ့သည့် မတ်လမှစတင်၍
အဝေးပြေးယာဉ်ပိုင်ရှင်များအနေဖြင့် ကားထိုင်ခုံအရေအတွက် အတိုင်းလိုက်၍
ခရီးသည်များ ကားပေါ်မတက်မီ ၎င်းကဒ်များကို ချိတ်ဆွဲရမည်ဖြစ်ကြောင်း
ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
၎င်းညွှန်ကြားချက်နှင့်ပတ်သက်၍
အောင်မင်္ဂလာအဝေးပြေးဂိတ်ဝန်းမှ တာဝန်ရှိသူတဦးက “ခရီး သွားကဒ်ကို
ကားဂိတ်တွေက ထုတ်ပေးမှာပါ၊ လမ်းမှာ စစ်ဆေးရေးဂိတ်တွေမှာ ဒီကဒ်ပြားကို
စစ်ဆေးမှာပါ၊ အဲဒီကဒ်မှာ ကားဂိတ်နာမည်၊ ကားနံပါတ်၊ ခုံနံပါတ်တွေပါရမယ်”
ဟု ပြောသည်။
၎င်းကဒ်များ ထုတ်ပေးရခြင်းသည်
အဖျက်အမှောင့်လုပ်ရပ်များကို ကြိုတင်တားဆီးနိုင်ရန်နှင့်
အကြမ်းဖက်ဗုံးဖောက်ခွဲမည့်သူများ အန္တရာယ်မှ ကင်းဝေးအောင်လုပ်ဆောင်ခြင်း
ဖြစ်သည်ဟု စစ်အစိုးရအာဏာပိုင်များက ပြောဆိုခဲ့ကြောင်း ၎င်းက
ဆက်လက်ပြောသည်။
အဆိုပါ
ယာယီခရီးသွားကဒ်များချိတ်ဆွဲခြင်းကို ရန်ကုန်-နေပြည်တော် ခရီးစဉ်တွင်
မတ်လဆန်း ပိုင်းက ပထမဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး
တနိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လအကုန်တွင် ပြီးစီးအောင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဝေးပြေးကားဝန်းတာဝန်ရှိသူက ပြောသည်။ |