|
စစ်အစိုးရ၀န်ကြီးချုပ်
ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်မည်
ဖြိုးကြီး။ ဧပြီ ၂၈၊
၂၀၀၈
မြန်မာစစ်အစိုးရ၀န်ကြီးချုပ်
ထိုင်းနိုင်ငံသို့ အင်္ဂါနေ့မှစတင်၍ (၃) ရက်ကြာ အလည်အပတ်သွားရောက်မည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပ်ပဒွန် ပက်တမာက တနင်္ဂနွေနေ့ တွင်
အတည်ပြုပြောကြား လိုက်ခြင်းဖြစ်သည်။
ထိုခရီးစဉ်အတွင်း လမ်းပန်းဆက်သွယ်ရေးချိတ်ဆက်ရန်၊ နယ်စပ် တလျှောက်
မူးယစ်ဆေးဝါး နှိမ်နင်းရန်၊ ရေအားလျှပ်စစ်အတွက်
ရေကာတာများတည်ဆောက်ခြင်းဖြင့် စွမ်းအင်လုပ်ငန်း ပူးပေါင်း
ဆောင်ရွက်ရန်၊ နှစ်နိုင်ငံသားအဖြစ် ကိုင်ဆောင်ထားသူများအား
သတ်မှတ်ပေးရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန်နှင့်
နယ်စပ်ပြဿနာများကို အတူတကွ ပူးတွဲဖြေရှင်း ဆောင်ရွက်ရန် တို့ကို အဓိက
ဆွေးနွေးမည်ဖြစ်သည်။
ထို့အပြင် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ စမတ်
ဆန္ဒရာဗက်နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံပြီး ထိုင်းဝန်ကြီးချုပ်
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က ဆွေးနွေးလက်စရှိသော နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း ဆွေးနွေးရန် စီစဉ်ထားသည်။
၎င်းအလည်အပတ်ခရီးစဉ်အတွင်း ထိုင်းဘုရင်မင်းမြတ် ဘူမိဘော
အဒူလယာဒစ်နှင့်လည်း နန်းတော်တွင် တွေ့ဆုံပြီး ထိုင်းဘုရင်၏
အမတော်ဖြစ်သူ မင်းသမီး ဂယ်လ်ဗနီဗက်ဒနာကိုလည်း သွားရောက်ဂါရ၀ပြု
တွေ့ဆုံမည်ဖြစ်သည်။
ထိုင်းနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ကိုယ်စားလှယ်အဖွဲ့သည်
ထိုင်းနိုင်ငံမြောက်ဘက်ဆုံး ချင်းရိုင်ခရိုင်ရှိ ဒွိုင်းတန်းတွင်
ကောက်ပဲ သီးနှံ အစားထိုးစိုက်ပျိုးမှုအစီအစဉ် သရုပ်ပြပွဲကို
ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။
၎င်းခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ကောက်ပဲသီးနှံများကို ဝယ်ယူရန်
စာချုပ်များချုပ်ဆိုမည့်အပြင် အနာဂတ်တွင် စွမ်းအင်ပြဿနာများကို
တိုက်ဖျက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော ဧရာဝတီ-ချော့ပရာရား-မဲခေါင်
စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာအဖွဲ့ (ACMECS) ၏ အောက်မှ
စာချုပ်များကို ချုပ်ဆိုမည်ဖြစ်သည်။
ယခုသွားရောက်မည့် စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏
ခရီးစဉ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ၀န်ကြီးချုပ်ရာထူးကို
လက်ခံရယူပြီးနောက်ပိုင်း ပထမဆုံးသွားရောက် သည့် ခရီးစဉ်ဖြစ်သည်။ |