|
SYDAB အဖွဲ့မှ
ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုတခု ဖြစ်ပေါ်
ဗထူး။ ဧပြီ
၂၅၊ ၂၀၀၈

ရန်ကုန်နှင့် မန္တလေးမြို့ပေါ်ရှိ အချို့နေရာများတွင်
စစ်အစိုးရအခြေခံဥပဒေအား ကန့်ကွက်မဲပေး ရန် (SYDAB)ဆိုသည့်အဖွဲ့မှ
ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။
အခြေခံဥပဒေဆန္ဒခံယူပွဲတွင် ပြည်သူများအနေဖြင့် ကန့်ကွက်မဲထည့်ရန် (NLD)ပါတီအပါအ၀င်
နိုင်ငံရေးပါတီများ၊ အတိုက်အခံများနှင့်
နိုင်ငံရေးနိုးကြားသူလူငယ်များက နည်းမျိုးစုံဖြင့် လှုပ်ရှား
ဆောင်ရွက်နေစဉ် ယခုကဲ့သို့ (SYDAB)အဖွဲ့၏ လှုပ်ရှားမှု
ပေါ်ထွက်လာခြင်းဖြစ်သည်။
“သူတို့က
အရင်လှုပ်ရှားမှုတွေတုန်းကလည်း တဦးချင်းတက်တက်ကြွကြွလှုပ်ရှားခဲ့တာပါ။
ပြီးခဲ့ တဲ့လလောက်ကစပြီးတော့ အဖွဲ့အစည်းတရပ်အနေနဲ့ အမည်တခုပေးပြီး
လှုပ်ရှားမှုတွေကို တစု တစည်းတည်း လုပ်လာတာပါ” ဟု အဆိုပါအဖွဲ့နှင့်
နီးစပ်သူတဦးက ဆိုသည်။
အဆိုပါအဖွဲ့တွင် ရန်ကုန်မန္တလေးမှ လူငယ်ကျောင်းသားများ အများစုပါဝင်ပြီး
စစ်အစိုးရပြုလုပ် မည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန်ပြည်သူအား
လှုံ့ဆော်မှုများဆက်လက်ပြုလုပ်လျှက်ရှိ ကာ ကျောင်းသားလူငယ်များ
ဒီမိုကရက်တစ်အစည်းအရုံး(မြန်မာနိုင်ငံ)ဟု အမည်ပေးထား သည်ဟု
၎င်းကဆက်လက်ပြောဆိုသည်။
ရန်ကုန်
အင်းယားကန်ဘောင်၊ ကမာရွတ်မြို့နယ် လှည်းတန်း၊ ဒဂုံစင်တာနှင့်
ဗျူးတီးပဲလေ့(စ်) အစရှိသည့်နေရာများတွင် (NO)နှင့်
ကြက်ခြေခတ်ပါအမှတ်အသားပါရှိသည့် ပိုစတာများအား ကပ်ကာ လှုပ်ရှားမှုများ
ပြုလုပ်လျှက်ရှိသည်။
စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ အမည်မဖော်လိုသည့်
အဖွဲ့ဝင်တဦးက “ကျနော် တို့ ပြည်သူလူထုကို ပန်ကြားချင်တာကတော့
ပြည်သူလူထုအနေနဲ့ မဲရုံကိုမဲသွားပေးကြပါ။ ကန့် ကွက်မဲ
ပေးဖြစ်အောင်ပေးပါ။ မဲပေးပြီးတဲ့အခါမှာလည်း ကိုယ့်တာဝန်ကျေပွန်ပြီလို့
မယူဆပဲနဲ့ ကိုယ်သက်ဆိုင်ရာနယ်မြေထဲမှာ မဲအရေအတွက်ဘယ်လို
ထွက်ပေါ်လာသလဲဆိုတာကို နည်းမျိုး စုံနဲ့ စောင့်ကြည့်ပေးပါလို့
ပြည်သူလူထုကို တိုက်တွန်းချင်ပါတယ်” ဟု ပြောဆိုသည်။
၎င်းတို့အဖွဲ့အစည်းအား
စစ်အာဏာရှင်စနစ်လုံးဝပြုတ်ကျရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
ထွန်းကားစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး
အဆိုပါရည်ရွယ်ချက်ပြီးမြောက်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု
အဆိုပါအဖွဲ့ဝင်တဦးက ဆက်လက်ပြောဆိုသွားခဲ့သည်။ |