|
နိုင်ငံရေးအကျဉ်းသားများကို
ဆေးကုသခွင့်မပေးသည့် စစ်အစိုးရကို အမေရိကန်က ပြစ်တင်ရှုတ်ချ
ဉာဏ်မောင်။
ဧပြီ ၂၃၊ ၂၀၀၈
အမေရိကန်အစိုးရက
အထိန်းသိမ်းခံ နိုင်ငံရေးလှုပ်ရှား သူများကို ဆေးကုသခွင့်မပေးသည့်
မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချလိုက်သည်။
အင်းစိန်ထောင်အတွင်း၌ မျက်စိဝေဒနာခံစားနေရသော (၈၈)
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား လုံလောက်သော
ဆေးဝါးကုသခွင့်ကို မပေးသောကြောင့် ယခုကဲ့သို့ ပြစ်တင်ရှုတ်ချကြောင်းကို
အင်္ဂါနေ့က
ပြောဆို လိုက်ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီက
“မင်းကိုနိုင်ရဲ့မျက်စိကို ဆေးကုသခွင့်မပြု ဘူးဆိုရင် သူ့မျက်စိက
ကွယ်သွားနိုင်တယ်၊ နောက်ပြီး နေအိမ်အကျယ်ချုပ်ကျနေတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပုံမှန်
ကျန်းမားရေးစစ်ဆေးမှုတွေမရှိတဲ့အတွက် အရမ်းကို စိုးရိမ်နေရပါတယ်”ဟု
ပြောသည်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား အင်းစိန်ထောင်အတွင်း
မျက်စိအထူးကုဆရာဝန် နှင့် ပြသရန် သတင်းပို့ခဲ့သော်လည်း
စစ်အာဏာပိုင်များက ဆေးကုသခွင့်မပေးဘဲ ငြင်းဆန်ခဲ့ ခြင်းကြောင့်
သူ၏ရောဂါအခြေအနေမှာ စိုးရိမ်နေရသည်။
ပြီးခဲ့သည့်
မတ်လအတွင်းက NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းသည် စက်တင်ဘာ
လတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့် ထောင်တွင်း၌ အဖမ်းခံရစဉ်
ဆေးကုသမှုမရရှိခဲ့သဖြင့် ကင်ဆာရောဂါကို ခံစားရပြီးနောက် စင်္ကာပူတွင်
သွားရောက်ကုနေစဉ် ကွယ်လွန်သွားခဲ့သည်။
ထို့အပြင်
နိုင်ငံရေးလှုပ်ရှားသူများကို ဆေးဝါးကုသခွင့်မပေးခြင်းသည်
လူ့အခွင့်အရေးချိုးဖောက် မှုများကို ကျူးလွန်နေခြင်းဖြစ်ပြီး ၎င်းတို့ကို
ထိန်းသိမ်းထားစဉ် လုံလောက်သော ဆေးကုသခွင့် ပေးရမည်ဖြစ်ပြီး
ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးပြန်လွှတ်
ပေးရန် တိုက်တွန်းပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးထားသော
နိုင်ငံရေးအကျဉ်းသား (၁၈၅၀)ခန့်ရှိပြီး စက်တင်ဘာနောက်ပိုင်း အဖမ်းခံရသူ
(၇၀၀)
ကျော်ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့
များက
ဆိုသည်။
မြန်မာစစ်အစိုးရက စက်တင်ဘာလူထုလှုပ်ရှားမှုကို
အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် အနည်း
ဆုံး
(၃၁)
ဦး သေဆုံးခဲ့ရကြောင်းကိုလည်း ကုလသမဂ္ဂမှတ်တမ်းတွင်
ဖေါ်ပြထားသည်။ |