|
မလေးရှားကမြန်မာတွေ ကန့်ကွက်မဲထည့်
ဗထူး။ ဧပြီ
၂၈၊ ၂၀၀၈

ယမန်နေ့ကပြုလုပ်သည့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင်
ဆန္ဒခံယူပွဲကြိုတင်မဲများ ရယူခဲ့ရာ အများစုက ကန့်ကွက်မဲထည့်ခဲ့ကြသည်။
စစ်အစိုးရက
နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများထံမှ မေလ (၁၀) ရက်နေ့မတိုင်မှီ
ကြိုတင် ဆန္ဒမဲများအား သက်ဆိုင်ရာသံရုံးများမှ စတင်၍
ဆန္ဒမဲများကောက်ယူနေရာ မလေးရှားနိုင်ငံ တွင်
ယခုလ (၁၉) ရက်နေ့မှ (၂၇) ရက်နေ့အထိ သတ်မှတ်ကောက်ယူခဲ့သည်။
နောက်ဆုံးရက်ဖြစ်သည့်
ယမန်နေ့ဆန္ဒခံယူပွဲတွင် မဲလာပေးသူ စုစုပေါင်း (၃၆) ဦးသာရှိပြီး
ကန့်ကွက်မဲများသာ ထည့်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါဆန္ဒခံယူပွဲသို့ သွားရောက်ခဲ့သူက “ကျနော် စလုပ်တဲ့ နေ့လည် (၁)
နာရီကနေ ညနေ (၃) နာရီခွဲထိ စောင့်ကြည့်နေတာ အားလုံး ၃၆ ယောက်ပဲ
လာပေးတယ်၊ အားလုံး ကန့်ကွက်မဲ ပေးကြတယ်လို့ မဲလာပေးတဲ့လူတွေက
ပြောတယ်”ဟု မဲပေးမှုအား စောင့်ကြည့်နေသူတဦးက ဆိုသည်။
သံရုံးတွင်
မဲပေးရာ၌ မလေးရှားတွင် တရားဝင်နေထိုင်ကြောင်းအထောက်အထားနှင့် မြန်မာ
ပြည်တွင်း နေထိုင်သည့် နေရပ်လိပ်စာနှင့် မှတ်ပုံတင်အမှတ်ကို
ပြောဆိုရပြီး လွတ်လပ်သည့် မဲပေးစနစ်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
Selongor
ပြည်နယ် Shah Alam မြို့မှ လာရောက်မဲပေးသူတဦးက “ထောက်ခံရင် စာရွက်ပေါ်
မှာ အမှန်ခြစ်ပြီး မထောက်ခံရင် ကြက်ခြေခတ်ဖို့ သံရုံးဝန်ထမ်းက
ရှင်းပြတယ်၊ လိုက်ကာ ကာထားတဲ့အခန်းထဲမှာ ကိုယ်နှစ်သက်ရာကို
အမှတ်ခြစ်ပြီး စာအိတ်ထဲထည့်၊ နောက်တော့ အပြင်မှာရှိတဲ့ မဲပုံးထဲကို
ထည့်ရတာ၊ ကျမကတော့ ကန့်ကွက်မဲထည့်ခဲ့တယ်”ဟု ပြောသည်။
လျှို့ဝှက်မဲပေးစနစ်ဖြစ်သော်လည်း မဲအား မည်သို့ရေတွက်မည်ကို မသိရဘဲ
စစ်အစိုးရကို မယုံ ကြည်သလို တနည်းနည်းဖြင့် လိမ်လည်လိမ့်မည်ဟု ၎င်းက
ဆက်လက်ပြောဆိုသည်။
ဆန္ဒမဲများအား မည်သူရေတွက်မည်ကို မသိရသော်လည်း မပေးဘဲနေသည်ထက်
မဲပေးလျှင် ဆန္ဒမှန်ဖော်ထုတ်ခွင့်ရသဖြင့် မဲလာရောက်ပေးသူ Selongor
ပြည်နယ် Kepong မြို့မှ မဲပေး သူတဦးက “ ကျနော်ကတော့
ပြည်သူတယောက်အနေနဲ့ လုပ်သင့်တာလုပ်ခဲ့တယ်၊ (နအဖ)ကို နည်းနည်းလေးမှ
မယုံဘူး၊ လူထုအပေါ် လိမ်ခဲ့တာလည်းမနည်းတော့ဘူး၊ မေလပွဲမှာလည်း
လိမ်အုံးမှာပဲလေ”ဟု ပြောဆိုသည်။
Selongor
ပြည်နယ် Kepong မြို့မှ စက်ရုံအလုပ်သမားတစုကလည်း မဲလာရောက်ပေးခဲ့ပြီး
ကန့်ကွက်မဲများ ထည့်ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါစက်ရုံအလုပ်သမားများက “စစ်တပ်ကရေးတဲ့ဟာလေ၊ ဘာဖွဲ့စည်းပုံဆိုလား၊
ကျနော်တို့ ကတော့ ဖွဲ့စည်းပုံတွေဘာတွေမသိဘူး၊ စစ်တပ်လုပ်တာကို
ဘာဆိုဘာမှမယုံဘူး၊ ကောင်းလည်း ကောင်းမှာမဟုတ်ဘူး၊ ဒါကြောင့်
ကန့်ကွက်မဲပဲ ထည့်ခဲ့တယ်”ဟု ပြောဆိုသွားခဲ့သည်။ |