|
ကန့်ကွက်မဲပေးရေး
လှုံ့ဆော်စာများဖြန့်ဝေမှု ဆက်တိုက်ဖြစ်ပေါ်နေ
ဖြိုးကြီး။ ဧပြီ ၂၉၊ ၂၀၀၈
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဆန္ဒခံယူပွဲ ကန့်ကွက်မဲပေးရေး
လှုံ့ဆော်စာများ ဖြန့် ဝေမှု ဆက်တိုက်ဖြစ်ပေါ်နေလျှက်ရှိသည်။
တိုင်းရင်းသားလူငယ်များနှင့်ဖွဲ့စည်းထားသော ဒီမိုကရေစီနှင့်
လွတ်လပ်ရေးကို လိုလားသော ပြည်သူများအဖွဲ့က ကယားပြည်နယ် လွိုင်ကော်၊
ဒီမောဆို၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နှင့် မိုးဗြဲ မြို့နယ်အတွင်းရှိ
ကျေးရွာပေါင်း (၁၇)ရွာတို့တွင် (၂၇)ရက်နေ့မှ စတင်၍ ဖြန့်ဝေနေခြင်းဖြစ်
သည်။
ထိုကဲ့သို့ လှုံ့ဆော်စာများ ဖြန့်ဝေမှုနှင့်ပတ်သက်၍
“ကျနော်တို့ပြည်နယ်မှာ ဘယ်တော့မှ စစ်တပ် အုပ်ချုပ်မှုအောက်မှာ
ကောင်းခဲ့တာမရှိခဲ့ဘူး၊ လူမှုရေး၊ စီးပွားရေးအရ တခြားလူမျိုးစုတွေထက်
ပိုပြီးတော့ အဖိနှိပ်ခံရတယ်၊ ဒီနေ့ခေတ်မှာ စစ်တပ်က
ဖွဲ့စည်းပုံအသစ်ရေးတယ် အဲဒါဟာ သူတို့ အာဏာတည်မြဲရေးအတွက်လုပ်တာ
ဒါကြောင့်မို့ ပြည်သူလူထုအပေါင်းတို့က ကန့်ကွက်မဲပေး ကြဖို့လိုလာပြီ
ကျနော်တို့ကယားပြည်နယ်ကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့
ပါဝင်ဖို့လိုလာပြီ၊ ဒါကြောင့် ကျနော်တို့ပါဝင်ပြီး
ကန့်ကွက်မဲပေးဖို့ရယ်၊ စစ်အစိုးရကို ဆန့်ကျင်ဖို့ ရယ်ဆုံးဖြတ်ပြီး
လုပ်ဆောင်တာပါ” ဟု ကရင်နီလူငယ်တဦးဖြစ်သူ ကိုဂျွန်ပေါလ်က ပြောသည်။
ပြည်သူများအနေဖြင့် မှတ်ပုံတင်များယူဆောင်၍ မဲရုံသို့သွားကြရန်၊
မဲလက်မှတ်တောင်းယူ၍ ကန့်ကွက်မဲထည့်ရန်၊ မဲရေတွက်သည့်အချိန်တွင်
မဲရလာဒ်များကို စောင့်ကြည့်ရန်တို့ကို ၎င်း
လှုံ့ဆော်စာများတွင်ရေးသားထားသည်။
ကယားပြည်နယ်အတွင်း စစ်ဆင်ရေး ကွတ်ကဲရေးမှူးများက နအဖစစ်အစိုးရ
ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင်
ထောက်ခံမဲများပေးရန် ဒေသခံတိုင်းရင်းသားများကို ဖိအားပေးခြိမ်းခြောက်
စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိသည်။
မေလ
(၁၀)ရက်နေ့တွင် ပြုလုပ်မည့်လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရေးအတွက်
စစ်အစိုးရ အာဏာပိုင်များက
တနိုင်ငံလုံးအနှံ့လက်ကမ်းစာစောင်များဖြန့်ဝေ၍လည်းကောင်း၊ ပိုစတာဆိုင်း
ဘုတ်များ စိုက်ထူ၍လည်းကောင်း၊ စစ်အစိုးရပိုင် မီဒီယာများမှလည်းကောင်း
အဆက်မပြတ် လှုံ့ဆော်မှုများ ပြုလုပ်နေလျှက်ရှိပြီး
စစ်အစိုးရ၀န်ကြီးများကိုယ်တိုင် လိုက်လံဟောပြော စည်းရုံး မှုများ
ပြုလုပ်နေသည်။ |