Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေသအလိုက်တိုင်းမှူးများက လက်အောက်တပ်များကို
ထောက်ခံမဲသာလိုကြောင်း ပြောဆို

ဗထူး။ ဧပြီ ၂၈၊ ၂၀၀၈ 

မေလ (၁၀) ရက်နေ့တွင်ကျင်းပမည့် ဆန္ဒခံယူပွဲတွင် တပ်ရင်းအလိုက် ဆန္ဒမဲကောက်ခံရာတွင် ထောက်ခံမဲများသာ လိုအပ်သည်ဟု ဒေသအလိုက်တိုင်းမှူးများက လက်အောက်ခံတပ်များသို့ ပြောဆိုနေသည်။ 

အခြေခံဥပဒေအတည်ပြုရေး မဲပေးရာတွင် စစ်တပ်နှင့် ၀န်ထမ်းများအား သက်ဆိုင်ရာဌာနများ နှင့် တပ်ရင်းတပ်ဖွဲ့များတွင်သာ ပေးအပ်ရန် ပြင်ဆင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အဆိုပါမဲရုံများအား သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများကသာ မဲရုံ ကော်မရှင်တွင် ပါဝင်ခွင့်ရှိပြီး ပြည်သူများအနေဖြင့် စောင့်ကြည့်လေ့လာခွင့် ရရှိမည်မဟုတ်ပေ။ 

“အထက်ကညွှန်ကြားချက်ဆိုပြီး အနည်းဆုံး တပ်ရင်းမှာ တပ်ရင်းမိသားစုတွေကို ၁၀ ကြိမ်ထက် မနည်း တွေ့ဆုံပြီး ထောက်ခံမဲထည့်ဖို့ပြောရမယ်လို့ ဆိုတယ်၊ ကန့်ကွက်မဲတွေတွေ့ရင် အရေး ယူမဲ့သဘောပဲ၊ တာဝန်ခံထားရတဲ့ တပ်မှူးတွေလည်း ဒုက္ခတွေ့နေတာအမှန်ပဲ”ဟု အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတခုမှ တပ်ကြပ်ကြီးတဦးက ပြောသည်။   

တပ်တွင်းရှိ စစ်သားများနှင့် ၄င်းတို့၏ မိသားစုဝင်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံမူကြမ်းကို လေ့လာခွင့်မရသလို ကောင်းသည်ဆိုးသည်ကို ဘာမှမသိနိုင်ဘဲ ထောက်ခံမဲထည့်ရန်သာ ဖိအားပေးခံနေရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရက ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ပြည်သူများအား နည်းမျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်နေပြီး စစ်တပ်နှင့် ၀န်ထမ်းများအားလည်း ထောက်ခံမဲပေးရန် ဖိအားပေးဆောင်ရွက် မှုများ ပြုလုပ်လျှက်ရှိသည်။ 

“တိုင်းမှူးတွေကလည်း သူ့တိုင်းအလိုက် တာဝန်ခံရတဲ့သဘောပဲ၊ အပေါ်ကို ထောက်ခံမဲ ရောက် သွားရေးက အရေးကြီးတယ်လေ၊ တပ်မှာ ကန့်ကွက်မဲထည့်မထည့်တော့မသိဘူး၊ ထည့်လည်း စာရင်းကတော့ တမျိုးသွားမှာသေချာတယ်”ဟု အဆိုပါတပ်ကြပ်ကြီးက ဆက်လက်ပြောဆို သည်။ 

န်ထမ်းနှင့် တပ်တွင်းရှိ မဲပေးနိုင်သူစာရင်းအား သက်ဆိုင်ရာ မဲဆန္ဒခံယူပွဲကော်မရှင်က ကောက်ခံခြင်းမပြုရဘဲ တပ်ရင်းတပ်ဖွဲ့မှူးများမှ ပြုစုအတည်ပြုပေးခြင်းအတွက် မဲစာရင်း လိမ်ညာမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသည်။ 

၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် စစ်သားများအနေဖြင့် အရပ်သားပြည်သူများ နှင့်အတူ လွတ်လပ်စွာ မဲပေးခဲ့ရသဖြင့် တပ်နယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကသာ အနိုင်ရရှိခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com