Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံမူကြမ်းသည် ကွဲလွဲမှုများရှိနေ

ဖြိုးကြီး။ ဧပြီ ၁၊ ၂၀၀၈ 

စစ်အစိုးရက ဖေဖော်ဝါရီလအတွင်း ရေးဆွဲပြီးကြောင်းကြေညာခဲ့သော အခြေခံဥပဒေမူကြမ်း အသစ်သည် အမျိုးသားညီလာခံတွင် မပါဝင်သော အချက်အလက်များစွာ ထည့်သွင်းရေးဆွဲ ထားကြောင်း သိရသည်။ 

 ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် စာမျက်နှာ (၁၉၄)မျက်နှာ၊ အခန်းပေါင်း (၄၅၇)ခန်းပါဝင်ပြီး ယင်းအခြေခံဥပဒေမူကြမ်းတွင် ပါဝင်သည့်အချက်အလက်များအား မဲပေးရမည့် ပြည်သူလူထု ကို စစ်အစိုးရက ယနေ့ထိ တစုံတရာ အသိပေးခြင်း မရှိပေ။ 

ဆယ်စုနှစ်တခုကျော် အချိန်ကြာမြင့်စွာပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံ၏ လမ်းညွှန်ချက်များ ဖြင့် ရေးဆွဲထားသည့် ထိုအခြေခံဥပဒေမူကြမ်းသည် စစ်တပ်မှအမြဲတမ်းလွှမ်းမိုးနိုင်မည့် နိုင်ငံ ရေးနှင့်အတိတ်မှ လုပ်ရပ်များအတွက် စစ်ဗိုလ်ချုပ်ကြီးများအား စွဲချက်တင်အပြစ်ပေးမှုမှ အကာကွယ်ပေးနိုင်မည့် အချက်အလက်များပါဝင်သည်။  

အမျိုးသားညီလာခံတွင် မပါဝင်ခဲ့သည့် ၁၉၈၈ ခုနှစ်ကတည်းက စစ်တပ်မှ အာဏာသိမ်းပိုက် ထားမှုသည် တပ်မတော်သားများက တာဝန်တရပ်အနေဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းကို တရားဝင်ထည့်သွင်းထားသည်။ 

အခြေခံဥပဒေမူကြမ်းတွင် ပါဝင်သောစာပိုဒ်တွင် လူ့အခွင့်အရေးလှုပ်ရှားသူများကို တားမြစ် ထားရုံသာမက နိုင်ငံခြားအကူအညီအထောက်အပံ့ယူထားသူနှင့် ဆက်နွှယ်သူများကို လမ်းညွှန် ချက်များအရ ပိတ်ပင်ထားပြီး အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့တွင် ပါဝင် ခွင့်မရနိုင်ရန်အတွက် သေဆုံးသွားပြီဖြစ်သော သူမ၏အမျိုးသား ဒေါက်တာမိုက်ကယ်အဲလစ် သည် နိုင်ငံခြားသားဖြစ်နေမှုနှင့် သားနှစ်ယောက်မှာ ဗြိတိသျှနိုင်ငံသား ပတ်စပို့စ် ကိုင်ဆောင်ထားမှု ကို အကြောင်းပြတားမြစ်ထားခြင်း ဖြစ်သည်။ 

ထိုအခြေခံဥပဒေမူကြမ်းအရ အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်)နှင့် အောက်လွှတ်တော်(ပါလီမန်)နှစ်ရပ်စလုံးတွင် စစ်တပ်မှ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျှောက် ပါဝင် ထားပြီး တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာ (၃)ရပ်စလုံးကို သမ္မတအား အာဏာအပ်နှံထားသည်။ ကာကွယ်ရေးဦးစီးချုပ်ကို တိုင်းပြည်၏အရေးပေါ်အခြေအနေတို့တွင် တနှစ်အာဏာသိမ်းပိုင်ခွင့်ပြုထားသည်။ 

အခြေခံဥပဒေအပိုဒ်များကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဥပဒေပြုအဖွဲ့တွင် အနည်းဆုံး (၇၅)ရာခိုင် နှုန်းမပြည့်လျှင် ပြင်ဆင်ဖြည့်စွက်ခွင့်မရှိဟု သတ်မှတ်ထားသောကြောင့် ပါလီမန်တွင် အလို အလျှောက်ပါဝင်နေသည့် စစ်တပ်ကိုယ်စားလှယ်များ၏ သဘောတူခွင့်ပြုချက်မရဘဲ ပြင်ဆင်၍ မရနိုင်အောင်ဖန်တီးထားသည်။ 

ထို့အပြင် စစ်အစိုးရက မေလတွင်ဆန္ဒခံယူပွဲပြုလုပ်မည့် အခြေခံဥပဒေမူ ဆန္ဒခံယူပွဲနှင့် ရွေး ကောက်ပွဲတို့တွင် စည်းရုံးလှုပ်ရှားခွင့်မရအောင် မတရားသည့်အမိန့်များကိုလည်း ထုတ်ပြန်ထား ပြီး ၁၉၆၂ ခုနှစ်ကတည်းက (၄၅)နှစ်ကျော် အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်စနစ်ကို တရားဝင် တည်မြဲအောင်ပြုလုပ်ထားသည့် အခြေခံဥပဒေပင်ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org