|
တွေ့ဆုံဆွေးနွေးရန် သမ္မတဘု(ရှ်)
တောင်းဆို
ဉာဏ်မောင်။
ဧပြီ ၁၀၊ ၂၀၀၈
မြန်မာအရေးနှင့်ပတ်သက်၍ စစ်အစိုးရအား အတိုက်အခံအင်အားစုများနှင့်
တွေ့ဆုံဆွေးမှုများ စတင်ပြုလုပ်ရန် အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘု(ရှ်)က
ပြောဆိုတိုက်တွန်းလိုက်သည်။
စင်္ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် အကြီးတန်းဝန်ကြီးဖြစ်သူ
မစ္စတာဂိုချုပ်တောင်နှင့် သမ္မတ ဘု(ရှ်)တို့ နှစ်ဦး ယမန်နေ့က တွေ့ဆုံစဉ်
မြန်မာ့အရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောဆိုလိုက် ခြင်း ဖြစ်သည်။
စစ်အစိုးရက
ကုလနှင့် နိုင်ငံတကာ၏ တောင်းဆိုချက်များကို လျစ်လျူရှုကာ တဖက်သတ်ရေးဆွဲ
ထားသည့် ဖွဲ့စည်းပုံ အတည်ပြုရေးလုပ်ဆောင်ချက်နှင့်ပတ်သက်၍ သမ္မတ
ဘု(ရှ်)က “ပြည်သူ လူထုရဲ့ အသံကိုလည်း ဂရုမစိုက်ဘဲ
သူတို့လုပ်ချင်ရာလုပ်နေကြတယ်။ အခုလို ရက်သတ်မှတ် ပြီး လုပ်နေတဲ့
တိုးတက်မှုတွေကိုလဲ ကျွန်တော်တို့ ကျေနပ်မှုမရှိပါဘူး။
စစ်ခေါင်းဆောင်များဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို
လေးစားဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။
စစ်အစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ်
စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာ ရဟန်း သံဃာများနှင့်
ပြည်သူများ၏ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းပြီးသည့်နောက်ပိုင်းတွင်
လည်း ကုလနှင့် နိုင်ငံတကာမှ တောင်းဆိုချက်များကို လိုက်နာရမည့်အစား
ဖမ်းဆီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း
လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြဝေဖန်လျှက်ရှိသည်။
သမ္မတနှစ်ဦးတွေ့ဆုံခဲ့ရာတွင် မစ္စဂိုချုပ်တောင်က
မြန်မာ့နိုင်ငံရေးအဖြေရှာရန်အတွက် ပြောဆို ရာတွင် “မြန်မာနိုင်ငံမှာ
နိုင်ငံရေးအဖြေရှာဖို့အတွက် စစ်တပ်ကပါဝင်မှ ဖြစ်ပါမယ်။ စစ်တပ်မပါဘဲ
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြသနာ ဖြေရှင်းလို့မရနိုင်ပါဘူး” ဟု
ဆိုသည်။
၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲအနိုင်ရ (NLD)ပါတီ၊ အတိုက်အခံနှင့် ကုလသမဂ္ဂမှ
မြန်မာ့နိုင်ငံရေး အကြပ်အတည်းအား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ
ပြုလုပ်၍ အဖြေရှာရန် နှစ်များစွာ တောင်းဆို ချက်ကို စစ်အစိုးရက
လျစ်လျူရှုခဲ့သည်။
ထို့နောက်
စစ်အစိုးရအနေဖြင့် ၄င်းတို့ တဖက်သတ်ရေးဆွဲထားသည့်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ့ဆန္ဒမပါဘဲ အတည်ပြုနိုင်ရန်
ဆန္ဒခံယူပွဲအား လာမည့်မေလ (၁၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ယမန်နေ့က
ကြေညာခဲ့သည်။
စင်္ကာပူအကြီးတန်းဝန်ကြီးနှင့် အမေရိကန်သမ္မတဘုရှ်တို့တွေ့ဆုံစဉ် တိဘက်ရှိ
ဘုန်းတော်ကြီး များအား တရုတ်အစိုးက
အကြမ်းဖက်နှိမ်နင်းခဲ့သည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ရာ
တရုတ်အစိုးရအနေဖြင့် ပြည်ပရောက် တိဗက်ခေါင်းဆောင် ဘုန်းတော်ကြီး
ဒလိုင်းလားမား၏ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်းအားဖြင့်
ကောင်းမွန်သည့် တည်ငြိမ်မှုကို ရရှိလိမ့်မည်ဟု သမ္မတ ဘု(ရှ်)က
ပြောဆိုခဲ့သည်။
အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ မစ္စတာဂိုချုပ်တောင်က
ဖြည့်စွက်ပြောဆိုရာတွင် “ဤပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့အတွက်
တနည်းပဲရှိပါတယ်၊ တရုတ်အစိုးရအနေနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်
တွေ့ဆုံဆွေးနွေးသင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။ |