Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်းနိုင်ငံတွင် မနက်ဖြန် ဆန္ဒမဲပေးရက်စတင်မည်ဟု သတင်းဖြစ်ပေါ်

ဗထူး။ ဧပြီ ၂၁၊ ၂၀၀၈

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲပေးရမည့်ရက်မှာ မနက်ဖြန် ဧပြီလ (၂၂) ရက်နေ့မှစတင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

နိုင်ငံတကာရှိ သံရုံးများတွင် ဆန္ဒမဲပေးရမည့် သတ်မှတ်ရက်များကို ထုတ်ပြန်ကြေညာခြင်းနှင့် အကြောင်းကြားခြင်းများကို ပြုလုပ်လျှက်ရှိရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာအသိုင်းအဝိုင်း ကြားတွင် အဆိုပါသတင်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

စင်္ကာပူနိုင်ငံတွင် ယခုလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့ထိ ဆန္ဒမဲပေးရန် ရက်သတ်မှတ်ထား သော်လည်း ထိုင်းနိုင်ငံတွင် ယခုဖြစ်ပေါ်နေသောသတင်းအရ ယခုလ (၂၂) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ သတ်မှတ်ထားသည်ဟု ဆိုသည်။ 

“ဧပြီ (၂၂) ကနေ (၄) ရက်နေ့ထိ ဆန္ဒမဲလာပေးရမယ်လို့ ကြားတာတော့ ကြားနေတယ်။ ဒါပေမဲ့ ဘယ်သူမှ အတည်မပြုနိုင်သေးဘူးဖြစ်နေတယ်၊ ဒီက ဆရာဆရာမတွေကိုလည်း မေးကြည့် တယ်၊ တချို့ကုမ္ပဏီတွေကို မေးကြည့်တော့ သူတို့လည်းမသိသေးဘူးလို့ ပြောတယ်” ဟု ဘန်ကောက်တွင် တက္ကသိုလ်ကျောင်းတက်နေသူ ကျောင်းသားတဦးက ဆိုသည်။ 

နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး အခွန်ပေးဆောင်ထားသူများမှာ အထောက်အထားပြစရာ မလိုဘဲ မဲထည့်ခွင့်ရှိပြီး အခွန်တကြိမ်မှမဆောင်ထားသူနှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်နေ သူများအနေဖြင့် မှတ်ပုံတင်ပြ၍ မဲထည့်ရမည်ဟု ဆိုသည်။ 

“ဘယ်သူက ပတ်စ်ပို့ကြီးကိုင်ပြီး မှတ်ပုံတင်တွဲကိုင်ကြမှာလဲ၊ မဖြစ်သင့်တဲ့သတ်မှတ်ချက်ပဲ၊ နောက် မဲပုံးက ဘယ်မှာထားမှာလဲ၊ လွတ်လွတ်လပ်လပ်မဲပေးခွင့်ကော ရမှာလားဆိုတာ မေးစရာတွေ အများကြီးဖြစ်နေတယ်”ဟု ဘန်ကောက်နေ နိုင်ငံရေးလှုပ်ရှားသူတဦးက ဆိုသည် 

စင်္ကာပူရောက် မြန်မာကျောင်းသားများနှင့် လုပ်ငန်းခွင်များမှ မြန်မာများအနေဖြင့် သံရုံးရှိရာသို့ သွားရောက်ကာ ရုံးနှင့် အလုပ်ပိတ်ရက်ဖြစ်သည့် ယခုလ (၂၆) နှင့် (၂၇) ရက်များတွင် မဲထည့်ရန် ပြင်ဆင်နေပြီး ကန့်ကွက်မဲပေးရန် လှုပ်ဆော်မှုများကိုလည်း ပြုလုပ်လျှက်ရှိသည်။  

ပြီးခဲ့သည့် သောကြာနေ့မှစတင်ကာ ထိုင်းနိုင်ငံတွင် ဆန္ဒမဲပေးရမည့်ရက်နှင့်ပတ်သက်၍ ကောလဟာလ ဖြစ်ပေါ်နေပြီး ထိုင်းနိုင်ငံတွင် ကျောင်းတက်နေသည့် ကျောင်းသားများအခြေ အနေကို အေးပက်တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “ကျောင်းသားတွေအနေနဲ့တော့ ဘန်ကောက်မှာ စုစည်းလို့ သိပ်မရဘူး၊ တကွဲတပြားဖြစ်နေတယ်၊ ကိုယ့်အစုနဲ့ကိုယ်ကတော့ သွားထည့်ကြမှာပါ”ဟု ဆိုသည်။ 

ပြည်တွင်းဆန္ဒခံယူပွဲတွင် စစ်အစိုးရအနေဖြင့် ရပ်ကွက်၊ ကျေးရွာ မဲစာရင်းများအား မြို့နယ် အဆင့်နှင့် အခြားအဆင့်များသို့ ပေးပို့ရာတွင် စာရင်းလိမ်လည်နိုင်သည်ဟု တွက်ချက်နေကြပြီး ယခု နိုင်ငံတကာသံရုံးများမှ မဲအများစုမှာလည်း စာရင်းလိမ်များသာဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။ 

အေးပက်တက္ကသိုလ်တက်ရောက်နေသည့် မြန်မာကျောင်းသားက “လွတ်လွတ်လပ်လပ်တော့ ထည့်ခွင့်ပေးမယ်ထင်တယ်၊ ပြီးမှ အကြံအဖန်လုပ်ရင်တော့ မသိဘူးပေါ့၊ စာရင်းတော့ လိမ်မယ် ထင်တယ်၊ ကန့်ကွက်မဲ မထည့်ရဲစရာအကြောင်းတော့ မရှိပါဘူး၊ ကျောင်းက အချို့သွားမှာပါ၊ (နိုး)ပဲ ထည့်ကြမှာ။  သူတို့လုပ်လို့ ကိုယ်ထည့်တာပဲ၊ သွေးကြောင်တဲ့သူအချို့ကတော့ ကန့်ကွက်မဲမထည့်ရဲတာတော့ရှိမှာပေါ့၊ ကျနော်ကတော့ မကြောက်ဘူး ထည့်ရဲတယ်”ဟု ပြောသည်။   

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org