|
သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ကွယ်လွန်
ဖြိုးကြီး။
ဧပြီ ၄၊ ၂၀၀၈
ခေတ်ပြိုင်ဂျာနယ်
အယ်ဒီတာချုပ် အသက် (၈၂)နှစ် ရှိ သတင်းစာဆရာကြီးကြေးမုံဦးသောင်း အမေရိ
ကန်ပြည်ထောင်စုတွင် ကွယ်လွန်သွားသည်။
အဆုတ်ရောဂါခံစားနေရသော သတင်းစာဆရာကြီး
ကြေးမုံဦးသောင်းသည် ပြီးခဲ့သည့်လ (၁၀) ရက်နေ့ က အမေရိကန်ပြည်ထောင်စု၊
ဖလော်ရီဒါပြည်နယ်၊ ဖလော်ရီဒါမယ်တီကယ်စင်တာ ဆေးရုံတွင် တက်
ရောက်ကုသနေစဉ် ရောဂါအခြေအနေမှာ ပိုမိုဆိုးဝါး လာပြီး ကြာသာပတေးနေ့က
ကွယ်လွန်သွားခြင်း ဖြစ်သည်။
ဆရာကြီးသည် မြန်မာနိုင်ငံတွင်
သတင်းစာလုပ် သက်အရှည်ကြာဆုံး သတင်းစာဆရာကြီးတဦး ဖြစ်ပြီး
ကွယ်လွန်ချိန်ထိ စာပေတာဝန်များကို ကျေ ပွန်စွာ ထမ်းဆောင်ခဲ့သည်။
ဆရာကြီးကြေးမုံဦးသောင်းကို
မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ၁၉၂၆ ခုနှစ်တွင် အဖ ဦးသာ ဖန်၊ အမိ
ဒေါ်အုပ်တို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ မောင်တင်မောင်ဖြစ်သည်။ ၁၉၄၇
ခုနှစ်တွင် သတင်းစာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင်
ကြေးမုံသတင်းစာတိုက်ကို တည် ထောင်ခဲ့သည်။
ဆရာကြီးသည် ကြေးမုံသတင်းစာမှတဆင့်
အာဏာရှင်ဟောင်း ဦးနေ၀င်း၏ တော်လှန်ရေး ကောင်စီခေတ်
လုပ်ရပ်အမှားများကို ရေးသားဖော်ပြခဲ့သောကြောင့် ၁၉၆၃ ခုနှစ်တွင်
ကြေးမုံ သတင်းစာတိုက်ကို ပြည်သူပိုင် သိမ်းခံလိုက်ရပြီး
ဆရာကြီးမှာထောင်ဒဏ် (၃)နှစ်ကျခံခဲ့ရ သည်။
ထို့နောက် ၁၉၇၇ ခုနှစ်တွင်
အမေရိကန်နိုင်ငံသို့သွားရောက်နေထိုင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ လှုပ်
ရှားသူများ ထုတ်ဝေသည့် စာစောင်များတွင်
စစ်အစိုးရဆန့်ကျင်ရေးဆောင်းပါးများကို ကြေးမုံ ဦးသောင်း၊ အောင်ဗလ၊
မောင်ချစ် ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။ ကွယ်လွန်ချိန် အထိ
ထိုင်းနိုင်ငံမှထုတ်ဝေသည့် ခေတ်ပြိုင်ဂျာနယ် အယ်ဒီတာချုပ်အဖြစ်
ဆောင်ရွက်ခဲ့သည်။
ဆရာကြီးကွယ်လွန်ချိန်တွင် ဇနီးနှင့်
သားသမီး (၅)ဦးကျန်ရစ်ခဲ့ပြီး ဆရာကြီး၏ ဈာပနအခမ်း အနားကို
မည်သည့်နေ့တွင်ပြုလုပ်မည်ကို မသိရသေးပေ။ |