|
ထိုင်းနှင့်တရုတ်
ရင်းနှီးမြှုပ်နှံမှုများ လဲလှယ်ရန် သဘောတူလက်မှတ်ရေးထိုး
ဉာဏ်မောင်။
ဧပြီ ၁၀၊ ၂၀၀၈
ထိုင်းနှင့်တရုတ်ရေနံကုမ္ပဏီများက မြန်မာနိုင်ငံအတွင်း
ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများ တွင်
ရင်းနှီးမြှုပ်နှံထားရှိမှုနှင့်ပတ်သက်၍ ညှိနှိုင်းဖလှယ်၍
သဘောတူလက်မှတ်ရေးထိုးကြ သည်။
ထိပ်တန်းရေနံရှာဖွေရေးကုမ္ပဏီဖြစ်သော PTTEP ၏လုပ်ကွက် M3 နှင့် M4
မှရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်းနှင့် တရုတ် CNOOC ၏လုပ်ကွက် A4
နှင့် C1 လဲလှယ်လုပ်ကိုင်ခြင်းကို မြန်မာအစိုးရ ၏ သဘောတူညီချက်ဖြင့်
ဗုဒ္ဓဟူးနေ့တွင် နှစ်နိုင်ငံလုပ်ငန်းရှင်များက အရောင်းအဝယ်သဘော
တူညီလက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
ထိုင်းကုမ္ပဏီ PTTEP အမှုဆောင်အရာရှိချုပ်
အနွန်သီရိဆန်းက“ကုမ္ပဏီနှစ်ခုကြား သဘောတူ စာချုပ်ကို ကြည့်ခြင်းအားဖြင့်
တရုတ်နဲ့ ထိုင်းနိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိက
အဆင့်ကို တွေ့မြင်နိုင်ပါတယ်၊ ဒီစာချုပ်ဟာ နည်းပညာချင်းဖလှယ်တဲ့
အခွင့်အရေးနဲ့ ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေ၊ ထုတ်လုပ်ခြင်း
အတွေ့အကြုံတွေကို မျှဝေမှုရှိရုံသာမက အနာဂတ်တွင်
စီးပွားရေးလုပ်ငန်းများကို
တိုးချဲ့ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။
သဘာဝဓါတ်ငွေ့အများဆုံးထွက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည့်
မုတ္တမပင်လယ်ကွေ့အတွင်းရှိ ကမ်းလွန်ရေနံ M3 နှင့် M4 လုပ်ကွက်များကို
လက်ရှိ PTTEP ကုမ္ပဏီမှ ကိုင်ထားပြီး တရုတ် ကုမ္ပဏီပိုင်
မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ကမ်းမြောင်ဒေသရှိ A4
ကမ်းလွန်ရေနံလုပ်ကွက်နှင့် ကုန်းတွင်းအပေါ်ပိုင်းရှိ C1 လုပ်ကွက်တို့သည်
ရေနံစိမ်းများထွက်နိုင်ကြောင်း ခန့်မှန်းထားကြ သည်။
လူ့အခွင့်အရေးများကို ချိုးဖောက်ကျူးလွန်နေသော မြန်မာစစ်အစိုးရကို
အနောက်နိုင်ငံများက စီးပွားပိတ်ဆို့ အရေးယူခြင်းများ
ဆောင်ရွက်နေစဉ်မှာပင် ပြီးခဲ့သည့်နှစ်က သဘာဝဓါတ်ငွေ့ တင်
ပို့ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၂.၇ ဘီလီယံရရှိခဲ့ပြီး
သဘာဝဓါတ်ငွေ့လုပ်ငန်းသည် စစ်အုပ်စု အတွက်
နိုင်ငံခြားဝင်ငွေရရှိနိုင်သော အကြီးဆုံးပြည်ပပို့ကုန်လုပ်ငန်း
ဖြစ်နေသည်။ |