|
စီးပွားရေးပိတ်ဆို့အရေးယူမှုများကြားမှ
သဘာဝဓါတ်ငွေ့ ၂.၇ ဘီလီယံဘိုးရောင်းချခဲ့
ဉာဏ်မောင်။
ဧပြီ ၈၊ ၂၀၀၈
လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အစိုးရကို
အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်နေစဉ်
သဘာဝဓါတ်ငွေ့ ၂.၇ ဘီလီယံဘိုးရောင်းချ ခဲ့သည်။
ပြီးခဲ့သည့်
၂၀၀၇ ခုနှစ်အတွင်း ရောင်းချခဲ့ခြင်းဖြစ်ကြောင်း
စစ်အစိုးရပိုင်သတင်းတွင် ယနေ့ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
၂၀၀၇
ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ
၈.၇ ဘီလီယံ ဘိုးရှိ၍ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး
ပြည်ပပို့ကုန် ၅.၉ ဘီလီယံဒေါ်လာနှင့် ပြည်တွင်း သွင်းကုန် ၂.၈
ဘီလီယံတန်ဘိုးရှိသဖြင့် တိုင်းပြည်၏ အသားတင်ကုန်သွယ်ရေး ပိုငွေ ၃.၁ ဘီ
လီယံဘိုး ကျန်ရှိသည်ဖြစ်ကြောင်းကိုလည်း အပတ်စဉ်ထုတ် ဂျာနယ်များတွင်
ရေးသားဖော်ပြ ထားသည်။
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်
(UMFCCI)၏ စီးပွားရေး လေ့လာရေးအဖွဲ့နှင့် သုတေသနဌာနမှူး
လက်ရှိစီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်က “မြန်မာ နိုင်ငံရဲ့
ကုန်သွယ်ရေးပမာဏ တိုးတက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ထိုင်းနိုင်ငံကို
သဘာဝဓါတ်ငွေ့တွေ တင်ပို့ခြင်းအားဖြင့် စွမ်းအင်ဖြန့်ဖြူးထုတ်လုပ်မှုကဏ္ဍဟာ
တိုးတက်များ ပြားလာခဲ့တာကြောင့် ဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက လူထုလှုပ်ရှားမှုကို
အကြမ်းဖတ်နှိမ်နှင်းခဲ့ခြင်းကြောင့် စစ်အစိုးကို
အနောက်နိုင်ငံများက စီးပွားရေးဒဏ်ခတ်မှုများ အရေးယူဆောင်ရွက်နေစဉ်
ထိုင်း နိုင်ငံက မြန်မာစစ်အစိုးရနှင့် စီးပွားရေး
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။
မကြာသေးခင်လအတွင်းက ထိုင်းဝန်ကြီးချုပ်သစ်က
မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ အကြား
ရင်းနှီးမြှုပ်နှံမှုများ ပိုမိုခိုင်မာစေရန် သဘောတူစာချုပ်များ
ချုပ်ဆိုရာတွင် အသိ သက်သေအဖြစ် ဆောင်ရွက်ခဲ့ပြီး
ယခုလက်ရှိထိုင်းအစိုးရသစ်၏ မှုဝါဒများသည် စစ်အစိုးရ၏
အကြမ်းဖက်လုပ်ရပ်များကို သိသိသာသာထောက်ခံမှု အသွင်ဆောင်လာနေကြောင်း
လေ့လာသူ များက ဆိုသည်။ |