|
ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု
ချီးမြှင့်ရန် သဘောတူ
ဉာဏ်မောင်။
ဧပြီ ၂၅၊ ၂၀၀၈
အမေရိကန်နိုင်ငံ၏ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရန် သဘောတူလိုက်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အမေရိကန်အောက်လွှတ်တော်တွင်
အတည်ပြုပြဌာန်းခဲ့ခြင်းကို အထက်လွှတ်တော် (ဆီးနိတ်)မှ မဲပေးသဘောတူ
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ဒီမိုကရက်
အထက်လွှတ်တော် အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Deanne Feinstein)က
“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ၊
ခိုင်မာတဲ့စိတ်ဓါတ်နဲ့ သူမရဲ့ယုံကြည်ချက်တွေကို လေး
စားကြောင်းပြသတဲ့အနေနဲ့ ဒီလိုချီးမြှင့်တာဖြစ်တယ်” ဟုဆိုသည်။
ယခုကဲ့သို့
ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ရန်အတွက် ဒီမိုကရက် အထက်လွှတ်တော်
အမတ် ဒိုင်ယန် စတိုင်းနှင့် ရီပါဘလင်ကန် အထက်လွှတ်တော်အမတ်
မစ်ခ်ျမက်ကော်နယ်လ်တို့ က ပူးတွဲ၍ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယခင်
အမေရိကန်လွှတ်တော်ရွှေတံဆိပ်ကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း
ဝင်စတန်ချာချီ၊ မာသာ ထရီဇာ၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်၊ တောင်အာဖရိက
သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား နှင့် မကြာသေးခင်က
တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ကို
ချီးမြှင့်ခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော U.S Campaign For Burma အဖွဲ့ကို
စတင်တည်ထောင်ခဲ့သူ ကိုအောင်ဒင်က “စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာပြည်သူတွေ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကြားက ခွဲထုတ်ပြီး
(၁၂)နှစ်ကျော် နေအိမ်အကျယ်ချုပ်နဲ့ အထီးကျန်ဆန် အောင်လုပ်ထားတာ”
ဟုဆိုသည်။
မြန်မာပြည်သူတွေအနေနဲ့လည်း သူမကိုယခုကဲ့သို့ ဆုချီးမြှင့်ပေးသည့်
အတွက်အလွန်ဝမ်းသာ ဂုဏ်ယူမိကြောင်းကို ၎င်းက ဆက်လက်ပြောဆိုသည်။
ထို့အပြင် (EU)
ဥရောပသမဂ္ဂက လာမည့်အပတ်မှစတင်၍ မြန်မာစစ်အစိုးရအပေါ် လက်နက်
ရောင်းချနေခြင်းကို ပိတ်ပင်တားမြစ်မည်ဖြစ်ပြီး
လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဆက်လက် လုပ်ဆောင်နေပါက
ပိုမိုပြင်းထန်သော အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု
ဥရောပသမဂ္ဂ သံအမတ်ကြီးများ၏ ကြာသပတေးနေ့က ကြေညာချက်မူကြမ်းတွင် ဖေါ်ပြထား
သည်။
ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား
(၁၈၀၀)ကျော် အားလုံးကို လွှတ်ပေးရန် ထပ်မံတောင်းဆိုပြီး လွန်ခဲ့သော
စက်တင်ဘာလူထုလှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့မှုတွင်
ပျောက်ဆုံး၊ သေဆုံးသူများစာရင်းကို စစ်အစိုးရမှ ကြေ ညာပေးရန်တို့ကို
တောင်းဆိုလိုက်သည်။
၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီသည်
တနိုင်ငံလုံးတွင် အနိုင်ရရှိခဲ့သော်လည်း
စစ်အစိုးရကအာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး သူမကို
နေအိမ်အကျယ်ချုပ်ဖြင့် ယနေ့တိုင် ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။
နိုင်ငံတကာက
မြန်မာ့ဒီမိုကရေစီရေးကို အသိမှတ်ပြုသော်လည်း စစ်အစိုးရက ၎င်းတို့ တဖက်
သက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင်
နိုင်ငံခြားသားကိုလက်ထပ်ခဲ့သည့် ကြောင်းပြချက်ဖြင့်
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်
ထားခဲ့သည်။
စစ်အစိုးရက
မေ(၁၀)ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို
လူထုဆန္ဒခံယူပွဲပြုလုပ်မည် ဖြစ်ပြီး တနိုင်ငံလုံးတွင်
ထောက်ခံမဲများရရှိရန်အတွက် ပုံစံအမျိုးမျိုးဖြင့် ဖိအားပေးလုပ်ဆောင်
နေလျှက်ရှိသည်။ |