|
စစ်အစိုးရဆန္ဒခံယူပွဲ
ယုံကြည်ရလောက်သည်ဟု ထိုင်းပြောဆို
ဉာဏ်မောင်။
ဧပြီ ၂၉၊ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပေဒေအတည်ပြုရေး
ဆန္ဒခံယူပွဲ သည် ယုံကြည့်စိတ်ချမှုရှိနိုင်သည်ဟု မျှော်လင့် ကြောင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက် သည်။
ထိုင်းနိုင်ငံသို့ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်
အလည်အပတ်လာရောက်မည့် တရက် အလို ယမန်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး
မစ္စတာ နော့ပ်ပဒွန် ပက်တမာက ယင်းကဲ့သို့ သတင်း ထောက်များအား
ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရ၀န်ကြီးချုပ် အလည်အပတ်လာရောက်စဉ် အတွင်း
အထွေထွေရွေးကောက်ပွဲအတွက် လမ်းကြောင်းတခုဖြစ်သော ဆန္ဒခံယူပွဲအကြောင်းကို
ဆွေးနွေးရလိမ့်မည်ဟု သတင်းထောက်များအား ပြောဆိုလိုက်ပြီး မစ္စတာ
နော့ပ်ပဒွန်က “ထိုင်းနိုင်ငံ ဟာ မေလ (၁၀) ရက်မှာ
မြန်မာနိုင်ငံမှာလုပ်မဲ့ ဆန္ဒခံယူပွဲကို ယုံကြည်စိတ်ချစွာနဲ့
အောင်မြင်စေချင်သလို ဒီမိုကရေစီလုပ်ငန်းစဉ်ကိုလည်း
ဆက်လုပ်နိုင်စေချင်ပါတယ်”ဟု ပြောဆိုသည်။
ကုလအပါအ၀င်
နိုင်ငံတကာနှင့် အတိုက်အခံများက စစ်အစိုးရပြုလုပ်မည့် ဆန္ဒခံယူပွဲအား
တရားမျှတမှုနှင့် လွတ်လပ်မှုမရှိနိုင်ကြောင်း ထောက်ပြပြောဆိုနေချိန်တွင်
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသားနှင့်လက်ထပ်ထားသူသည် ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခွင့်ကို စစ်အစိုးရဖွဲ့စည်းပုံမူကြမ်းသစ်က
ပြဌာန်းထားသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏
ပါဝင်ခွင့်ကို ကန့်သတ်ထားခြင်းဖြစ်သည်။
ယင်းအချက်နှင့်ပတ်သက်၍ မြန်မာ့ပြည်တွင်းရေးဖြစ်သည့်အတွက်
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်မှုနှင့်ပတ်သက်၍
ပြောဆိုလုပ်ကိုင်မည်မဟုတ်ကြောင်း မစ္စတာ နော့ပ်ပဒွန်က သတင်းထောက်များ၏
မေးမြန်းချက်ကို ပြန်လည်ဖြေကြားသွားသည်။
ထိုင်းအစိုးရသစ်ဝန်ကြီးချုပ်က ပြီးခဲ့သည့် မတ်လ (၁၄) ရက်နေ့တွင် တရက်တာ
မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်
ထိုင်းရုပ်မြင်သံကြားအစီအစဉ်မှနေ၍ “မြန်မာနိုင်ငံမှာ လူ သတ်တာတွေ၊
ဖိနှိပ်တာတွေဟာ သာမာန်ဖြစ်ပြီး မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ
နေသားတကျ ဖြစ်နေကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်လည်း
ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ပီပီ နေ့စဉ် တရားထိုင်ကာ ဘုရားဝတ်ပြုသည်”ဟု
ပြောဆိုခဲ့သည်။
ယင်းပြောဆိုချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ
စူရင်က မြန်မာ့ အရေးနှင့်ပတ်သက်၍ ပြောဆိုမည်ဆိုပါက မြန်မာ့အရေးကို
လေးလေးနက်နက် နားလည်ရန် လိုအပ်ပြီး မြန်မာ့အရေးကို ကမ္ဘာကသိအောင်
ပြောဆိုရှင်းလင်းမည်ဆိုလျှင် ထိုင်းအစိုးရ အနေဖြင့်
စံနှုန်းတခုထားရှိရန် လိုအပ်သည်ဟု သတိပေးပြောဆိုခဲ့သည်။
စစ်အစိုးရ၀န်ကြီးချုပ်အား တည်ခင်းဧည့်ခံမည့် ယနေ့ည ညစာပွဲအား
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ စမတ်(ခ်)နေအိမ်တွင်
ဝန်ကြီးချုပ်ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးမည်ဖြစ်သည်။
မည်သည့်
ဟင်းလျှာဖြင့် ချက်ကျွေးမည်ဆိုသည်ကို ငြင်းပယ်ခဲ့ပြီးနောက်
ထိုင်းအစိုးရ ပြောခွင့် ရှိသူက “အိမ်နီးချင်းကောင်းပီသမှု ပြတဲ့အနေနဲ့
ဝန်ကြီးချုပ်က သူ့အိမ်မှာ ကိုယ်တိုင်ချက်ကျွေး မှာဖြစ်တယ်” ဟု ယနေ့
အေပီသတင်းသို့ ပြောကြားခဲ့သည်။ |