Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆန္ဒခံယူပွဲကိုထောက်ခံရန် ၀န်ကြီးများကိုယ်တိုင် လိုက်လံစည်းရုံးနေ

ဖြိုးကြီး။ ဧပြီ ၂၃၊၂၀၀၈ 

စစ်အစိုးရ၀န်ကြီးကိုယ်တိုင် ဦးဆောင်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာများမှ ပြည်သူ များကို ၎င်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေသစ်ကို ထောက်ခံမဲပေးရန် ခြိမ်းခြောက်စည်းရုံးမှု များ လုပ်ဆောင်နေလျှက်ရှိသည်။ 

ယခုလ(၁၉) ရက်မှ(၂၁)ရက်နေ့ထိ မန္တလေးတိုင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့များနှင့် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စက်မှုဝန်ကြီးဌာန၀န်ကြီး ဦးအောင်သောင်း ဦးဆောင် သည့်အဖွဲ့က လိုက်လံစည်းရုံးလုပ်ဆောင်နေခြင်းဖြစ်သည်။ 

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ မြို့နယ်ခမ်းမတွင် ၀န်ကြီးဦးအောင်သောင်းနှင့်အဖွဲ့က ယခုလ (၂၁)ရက်နေ့ မနက်ပိုင်းတွင် အခြေခံဥပဒေအတည်ပြုနိုင်ရေးအတွက် ဆန္ဒခံယူပွဲ၌ ထောက်ခံမဲ ပေးရန် ဟောပြောစည်းရုံးသည့်ပွဲတွင် မြို့ပေါ်ဝန်ထမ်းများနှင့် ကျေးရွာသားများကို ဒေသ အာဏာပိုင်များက ခြိမ်းခြောက်ဆင့်ခေါ်ကာ တက်ရောက်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် ၀န်ထမ်းနှင့်ကြံ့ဖွံ့အသင်းဝင်စုစုပေါင်း (၁၀၀၀)ကျော် တက်ရောက်ခဲ့သည်။ 

ကျောက်ပန်းတောင်းမြို့မှ ၀န်ထမ်းတဦးက “၀န်ထမ်းတွေကို ထောက်ခံမဲပေးရမယ်လို့ ညွှန်ကြား ထားတယ်လေ၊ ဆန္ဒခံယူပွဲအတွက် ဟောပြောစည်းရုံးတဲ့နေရာမှာလည်း မတက်မနေရဆိုပြီး ဖိအားပေးတယ်၊ ဒါကြောင့်မို့ ဒီဆန္ဒခံယူပွဲက တရားမျှတမှု မရှိနိုင်ဘူးလို့ထင်တယ်”ဟု ပြော သည်။ 

ယခုလ(၂၀)ရက်နေ့ မနက်ပိုင်းတွင် ဦးအောင်သောင်းနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် ရှိ ကျောက်တံတား၊ လယ်ကြီး၊ မြောက်တော၊ ဆယ်ရွာ၊ နဂါးလည်၊ ချောင်းမ၊ စုံရွာ၊ ပုပ္ပါး၊ စက် ထိန်းအပါအ၀င် ကျေးရွာ (၅၀)နီးပါးမှ ရွာသားများကိုခေါ်ယူ၍ ကျောက်တံတားအောက်ကျောင်း ဘုန်းကြီးကျောင်းဝန်းအတွင်း စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သည်။ 

ဟောပြောပွဲသို့ ကိုယ်တိုင်သွားရောက်ခဲ့ရသော ရွာသားတဦးက “ထောက်ခံမဲပေးပို့ ပြည်သူတွေ မဲရုံကိုသွားရမယ်ပေါ့၊ မသွားရင်အရေးယူမယ် အဲလိုပြောတယ်၊ ဘုန်းကြီးတွေကိုတော့ ပိုပြီးပြော တယ်၊ ပြည်သူလူထုက ကိုးကွယ်နေတဲ့ သံဃာတော်တွေက အစိုးရကို ပုန်ကန်ချိုးဖောက်နေ တယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတော် ဘယ်လိုဖြစ်လာမှာလဲဆိုပြီး ပြောတယ်” ဟု ဆိုသည်။  

ညောင်ဦးမြို့နယ် မန်ကျည်းတောင့်ကျေးရွာတွင်လည်း (၁၉)ရက်နေ့က မဲရုံဆောက်လုပ်၍ လက်တွေ့ထောက်ခံ မဲပေးသည့် ပုံစံမျိုးအား ရွာသားများကို ပြုလုပ်စေခဲ့ပြီး ကျောင်းဆရာများကို မိမိတာဝန်ကျရာ နယ်မြေအတွင်း မဲရုံးမှူးလုပ်ရမည်ဖြစ်ကြောင်းနှင့် ငြင်းဆန်ခဲ့ပါက အရေးယူ မည်ဖြစ်ကြောင်းတို့ကို ညွှန်ကြားခဲ့သည်။ 

စစ်အစိုးရက ၎င်းတို့တဖက်သက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ထောက်ခံမဲများရရှိရန်အတွက် တနိုင်ငံလုံးအနှံ့ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ် ကိုင်စည်းရုံးဟောပြောမှုများ ပြုလုပ်နေလျှက်ရှိသည်။ 

မေလ(၁၀) ရက်နေ့တွင် စစ်အစိုးရပြုလုပ်မည့် လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် (NLD)ပါတီက ပြည်သူလူထုအနေဖြင့် ဆန္ဒခံယူပွဲတွင် ဆန့်ကျင်ကန့်ကွက်မဲများသာပေးကြရန် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org