Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပြည်သူများပူးပေါင်းလာ၍ ဆန္ဒပြမှု တောင်ကုတ်တွင်ဖြစ်ပေါ်
လူအင်အား ၆၀၀၀ ကျော်က ထောက်ခံအားပေးခဲ့

ဗထူး။ စက်တင်ဘာ ၄၊ ၂၀၀၇  

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ယနေ့နံနက်က ဆန္ဒပြမှုနှင့် တရားဟောပြောမှုများ ဖြစ်ပေါ် ခဲ့ရာ တောင်ကုတ်မြို့နေ ပြည်သူ ၆၀၀၀ ကျော်က ထောက်ခံအားပေးခဲ့သည်။ 

တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက ယခုလ (၃၁) ရက်နေ့က ဖမ်းဆီး ခံထားရသူ နှစ်ဦးကို မြို့နယ် (မယက)ရုံးသို့ သွားရောက်မေးမြန်းပြီး အပြန်တွင် တောင်ကုတ် ဈေးမှ ပြည်သူများ ပူးပေါင်းလာခဲ့သဖြင့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့နံနက် (၉) နာရီတွင် တောင်ကုတ်မြို့နယ် (NLD)ပါတီ စည်းရုံးရေးမှူး ဦးခင်လှနှင့် အဖွဲ့ဝင် (၁၅) ဦးတို့မှ ပြီးခဲ့သည့်လ (၃၁) ရက်နေ့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး အတွက် ပြည်သူများကိုယ်စား ပိုစတာကိုင်ဆန္ဒပြခဲ့၍ ဖမ်းဆီးခံထားရသူ မောင်စည်သူနှင့် မောင်သန်းလွင်တို့နှစ်ဦး ကိစ္စအား မေးမြန်းရန် မြို့နယ်(မယက)ရုံးသို့ သွားရောက်ခဲ့သည်။ 

မြို့နယ်(မယက)ဥက္ကဋ္ဌက ၎င်းလူငယ်နှစ်ဦးအား ဖမ်းဆီးထားခြင်းမှာ မဟုတ်ဘဲ အေးအေးဆေးဆေး ရှိနေပါသည်ဟု ပြောဆိုပြီး မိဘများနှင့်လည်း တွေ့ခွင့်ပေးထားပါသည်ဟု ပြောဆိုခဲ့ရာ အဆိုပါ (NLD)အဖွဲ့ဝင်များက (မယက)ရုံးမှ မိဘများထံသွားမေးရန် ပြန်လာစဉ် ဈေးရှေ့တွင် အသင့်စောင့်နေသော ပြည်သူများကလည်း နောက်မှ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။  

“သူတို့ဘယ်မှာရှိတယ်ဆိုတဲ့ဟာကို ပြောပါဆိုတော့ အေးအေးဆေးဆေး ရှိပါတယ်။ မကြာခင် ပြန်လွှတ်မှာပါ။ မိဘတွေနဲ့လည်း တွေ့လို့ရတယ်။ မယုံဘူး၊ သံသယရှိတယ်လို့ပြောတော့၊ ခင်ဗျားမယုံရင် သူ့မိဘတွေ သွားမေးကြည့်တဲ့။ ကျနော်တို့ မိဘတွေဆီ သွားတယ်ပေါ့ဗျာ။ ကျနော်တို့နောက်မှာလည်း ပြည်သူလူထုကလည်း နောက်ကနေ လူသုံးလေးထောင်လောက် လိုက်လာတယ်”ဟု တောင်ကုတ်မြို့နယ်  (NLD)ပါတီစည်းရုံးရေးမှူး ဦးခင်လှက ဆိုသည်။ 

ပြည်သူများ နောက်မှလိုက်လာသည့်အပေါ် (မယက)ဥက္ကဋ္ဌနှင့် မြို့နယ်ရဲမှူးတို့က မခေါ်သွားရန် တားမြစ်ခဲ့ရာ မိမိတို့ခေါ်လာတာမဟုတ်ကြောင်းနှင့် တားမြစ်ပေးလို့လည်း မရကြောင်း ဆက်လက်ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

ထိုနောက် ရဲများနှင့် အရပ်ဝတ် ဝတ်ထားသူများက နောက်တွင်လိုက်ပါလာသည့် ပြည်သူများ အား ခြိမ်းခြောက်တားမြစ်ခဲ့ရာ ပြည်သူများနှင့် အင်န်အယ်ဒီပါတီဝင်များ လူစုကွဲသွားခဲ့ကြ သည်။ 

“နာရီကြည့်မထားတော့ ဘယ်အချိန်ဆိုတာ အတိအကျမပြောနိုင်ဘူး၊ ကျနော်ရောက်သွားတော့ လူတွေက တော်တော့်ကို များနေပြီ၊ ဘေးက လက်ခုတ်တီးအားပေးတဲ့လူတွေကော၊ စက်ဘီးနဲ့ ဆိုင်ကယ် စီးတဲ့လူစီး၊ လမ်းလျှောက်တဲ့လူလည်းလျှောက်နဲ့  ၄-၅-၆ ထောင် ၇ ထောင်လောက် ရှိမယ်ထင်တယ်။ တရားလည်း ဟောတယ်” ဟု ဆန္ဒပြရာသို့ သွားရောက်ခဲ့သူ အမည်မဖော် လိုသည့် တောင်ကုတ်မြို့ခံတဦးက ဆိုသည်။ 

အဆိုပါ လူစုခွဲတားမြစ်ချိန်တွင် ရဲများနှင့် အရပ်ဝတ် ဝတ်ထားသူများက ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ရဲအရာရှိဟု ထင်ရသူတဦးကလည်း သူ၏အကျီကို ဆွဲတင်ကာ သေနတ်ပြခြိမ်းခြောက်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ယနေ့တွင် အဆိုပါ တောင်ကုတ်မြို့ပေါ်၌ နေရာနှစ်နေရာတွင် တောင်ကုတ်မြို့နယ် စည်းရုံး ရေးမှူး ဦးခင်လှ၊ တောင်ကုတ်မြို့နယ် (NLD)ဒုဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ ရမ်းဗြဲမြို့နယ် (NLD) ဒုဥက္ကဋ္ဌ ဦးသိန်းလှိုင်တို့က  ပူးပေါင်းလာသည့် ပြည်သူများအား တရားဟောခဲ့သည်ဟုဆိုသည်။ 

ဦးခင်လှက  “ပထမတနေရာကတော့ မောင်စည်သူတို့ ဖမ်းခဲ့တဲ့နေရာမှာ လုပ်တယ်။ တိုင်းပြည်က လက်ရှိပကတိအခြေအနေတွေကို ဒီအတိုင်းပဲ ကျနော်တို့ကနေပြီး လည်စင်းခံ နေလို့ မရဘူးပေါ့ဗျာ၊ ဥပဒေဘောင်ထဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပေါ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေကို ရအောင်လုပ်ရမယ်ပေါ့ဗျာ။ ဒါတွေ ဟောပြောခဲ့တယ်”ဟု ဆိုသည်။ 

မောင်စည်သူနှင့် မောင်သန်းလွင်သည် ယခုလ (၃၁) ရက်နေ့တွင် ပြည်သူများကြုံတွေ့နေသည့် အကြပ်အတည်းများအတွက် ပိုစတာကိုင်ကာ တောင်ကုတ်မြို့ဈေးတွင် ဆန္ဒပြခဲ့ရာ စစ်သား တဦး၏ ထိုးကြိတ်မှုကို ခံခဲ့ရပြီးနောက် မြို့နယ်(မယက)နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးချုပ်နှောင် ခြင်း ခံခဲ့ရသည်။ အဆိုပါလူငယ်နှစ်ဦးအား  ယခုအချိန်အထိ မည်သည့်နေရာတွင် ထိန်းသိမ်း ထားသည်ကို မသိရဘဲ ပြန်လည်လွတ်မြောက်လာခြင်းလည်း မရှိသေးပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org