Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာတော်များက တပ်ပေါင်းစုဖွဲ့ကာ တနိုင်ငံလုံး ကံဆောင်သပိတ်မှောက်တော့မည်

ဗထူး။ စက်တင်ဘာ ၉၊ ၂၀၀၇ 

အနယ်နယ်အရပ်ရပ်မှ သံဃာ့ကိုယ်စားလှယ်များ၊ ဘုန်းတော်ကြီးများတက်ရောက်ကာ ယနေ့ အစည်းအဝေးတရပ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နအဖစစ်အစိုးရအား  ပတ္တနိက္ကုဇနကံဆောင် သပိတ်မှောက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။ 

နိုင်ငံအ၀ှမ်းဖြစ်ပွားနေသည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသောကြောင့် ပြည်သူ များနှင့် ရဟန်းသံဃာများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့်အပေါ် စစ်အစိုးရက အကြမ်းဖက် ရိုက်နှက်ဖဖ်းဆီးခဲ့သည့်အတွက် သံဃာများက ယခုကဲ့သို့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ကျင်းပသည့် အဆိုပါ သံဃာများ၏ဆွေးနွေးပွဲကို မန္တလေးမြို့အနီးရှိ မြို့ငယ်တခုတွင် နံနက်ပိုင်းက လှို့ဝှက်ဆွေးနွေးခဲ့ကြပြီး ထုတ်ပြန်ကြေညာချက်တခုကိုလည်း ထုတ်ပြန်ခဲ့သည်။

“မန်းမြို့လုံးကျွတ် သံဃာအစည်းအဝေးလုပ်ဖို့ပဲ၊ အာဏာပိုင်တွေဘက်က လုံခြုံရေးတွေ တအားတင်းကြပ်ထားတော့ မလုပ်ဖြစ်ခဲ့ဘူး၊ အဲ့ဒါနဲ့ တခြားနယ်ဖက်မှာလုပ်ဖို့ သတင်းလွှင့်ခဲ့ပြီးမှ ဒီနေ့တော့ အနယ်နယ်က သံဃာတော်တွေနဲ့ လုပ်ဖြစ်ခဲ့ကြတာ” ဟု ဘွဲ့အမည်မဖော်လိုသည့် သံဃာတဦးက ဆိုသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ သဃာ့သမဂ္ဂီအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုးသမဂ္ဂအဖွဲ့၊ ရန်ကုန်နှင့် နယ်အသီးသီးမှ ဆရာတော်များက ကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့် ဖြစ်စေ ပေးပို့တောင်းဆိုခဲ့သည့်အတွက် သံဃာ့တပ်ပေါင်းစုတရပ်ကို ဖွဲ့စည်းကာ စစ်အစိုးရအား သပိတ်မှောက်ကံဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါတောင်းဆိုချက်တွင် စစ်အစိုးရအနေဖြင့် ပခုက္ကူသံဃာတော်များ ကျေအေးခွင့်လွှတ် သည်အထိ တောင်းပန်ရန်၊ လက်ရှိ ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းများကို ချက်ခြင်း လျှော့ချပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံထားရသူများကို ချက်ခြင်းလွှတ်ပေးရန်နှင့် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစု များနှင့် တွေ့ဆုံဆွေးနွေးကာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရန် တောင်းဆို ထားသည်။ 

အဆိုပါတောင်းဆိုချက်ကို ယခုလ (၁၇) ရက်နေ့တွင် နောက်ဆုံးထား၍ စစ်အစိုးရက အကောင်အထည်ဖော်ရန် ဖြစ်ပြီး မည်သည့်ဆောင်ရွက်ချက်မှ မပြုလုပ်ခဲ့လျှင် နိုင်ငံအ၀ှမ်း သံဃာတော်များအနေဖြင့် စစ်အစိုးရအား သပိတ်မှောက်ကံဆောင်ကြမည်ဟု ဆိုသည်။ 

မင်းဆိုးမင်းညစ်တို့အား ဘုရားရှင်လက်ထက်ကလည်း သံဃာတော်များက အဆိုပါ သပိတ်မှောက်ကံဆောင်ကာ ဖယ်ကြဉ်ခဲ့ကြသလို ယခုလည်း ဖိနှိပ်မှုများကိုသာ ပြုလုပ်နေသည့် စစ်အစိုးရအား သပိတ်မှောက်ကံဆောင်ခြင်းဖြစ်သည်ဟု သံဃာတော်တပါးက ဆိုသည်။ 

“အဲ့ဒီသံဃာတော်တွေဘက်က ကံဆောင်တယ်ဆိုတာမှာ အဲ့ဒီ ကံအပြုခံရတဲ့သူတွေလှူဒါန်းတဲ့ ဆွမ်းအစရှိတဲ့ ပစ္စည်းလေးပါးကို အလှူမခံဘူး၊ တရားဟောကြားတာမျိုး မပြုလုပ်တော့ဘူး၊ သာရေးနာရေးကိစ္စတွေ အတူတွဲမလုပ်တော့ဘဲ သံဃာတော်တွေအနေနဲ့တူသော လုပ်ဆောင် မှုနဲ့ ရိုင်းစိုင်းတဲ့လူတွေအဖြစ် သတ်မှတ်ပြီး ဖယ်ကြဉ်လိုက်တာပါ”ဟု ရဟန်းပျိုသမဂ္ဂမှ ဘွဲ့အမည်မဖော်လိုသည့် သံဃာတပါးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org