|
ဖြေရှင်းပုံမှားယွင်းသည့်အတွက် NLD အား
ပုတ်ခတ်ခြင်းသာဖြစ်ဟုဆို
ရိုးမ ၃။
စက်တင်ဘာ ၁၀၊ ၂၀၀၇
ပခုက္ကူမြို့တွင်ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းအား
မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး နောက် မလိုလားအပ်သည့် ပြဿနာများ
ဖြစ်ပေါ်လာသည့်အခါ တာဝန်မခံလိုသဖြင့် NLD ပါတီအပေါ်
စွပ်စွဲခဲ့ခြင်းသာဖြစ်သည်ဟု ပခုက္ကူမြို့နယ် NLD ပါတီဝင်တဦးက ပြောဆို
လိုက်သည်။
ယမန်နေ့ထုတ်
စစ်အစိုးရသတင်းစာက ပခုက္ကူမြို့ပေါ်တွင် သံဃာတော်များဆန္ဒပြရာတွင်
ယင်းမြို့နယ် NLD ပါတီဝင်များက သွေးထိုးလှုပ်ဆော်ခဲ့ပြီး
ပြင်ပမီဒီယာများအား မဟုတ်မမှန် သတင်းများပေးပို့ခဲ့သည် ဆိုသည့်အပေါ်
ယခုလိုတုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“သူတို့ဘာသာသူတို့ ဒကာ၊ ဒကာမတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို
စာနာပြီးတော့ အေးချမ်းစွာ ဆန္ဒပြနေတာကို အာဏာပိုင်တွေ ကိုင်တွယ်မတတ်လို့
ဒီပြဿနာဖြစ်သွားတာပါ။ ဒီဆန္ဒပြတဲ့အပေါ်မှာ အကြီးအကျယ် ဖြစ်သွားတဲ့အတွက်
ကျနော်တို့က စိတ်မကောင်းပါဘူး၊ အေးချမ်းစွာ ဆန္ဒပြတာကို
ပြခွင့်ပြုခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားမှာပါ”ဟု
ပခုက္ကူအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ဆိုသည်။
စစ်အစိုးရသတင်းစာ၏ (၁/၂၀၀၇)၊ (၂/၂၀၀၇) သတင်းထုတ်ပြန်ရေးကော်မတီမှ ၈၈
မျိုးဆက် ကျောင်းသားများနှင့် NLD ပါတီဝင်များသည် ပြည်ပရှိ
အဖွဲ့အစည်းများနှင့်ဆက်သွယ်ကာ ဆန္ဒပြမှုနှင့် အချိန်ကိုက်
ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ရန် ကြိုးစားနေပြီး မူဝါဒလမ်းစဉ် (၇)
ရပ် ပျက်ပြားအောင် ကြံစည်လုပ်ကိုင်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
“သူတို့ရဲ့
မှားယွင်းစွာ လုပ်ကိုင်မှုတွေကြောင့် ဖြစ်လာတဲ့အပေါ်မှာ ခုလို NLD ကို
ပြောဆိုနေတာ ပါတီအပေါ် တခုခု ကြံစည်နေခြင်းပါပဲ။ ဒါကြောင့်
ဒီလိုသတင်းမှားတွေ ပြန်ပြီးတော့ လွှင့်တယ် လို့ ထင်ပါတယ်” ဟု အဆိုပါ NLD
ပါတီအဖွဲ့ဝင်က ပြောသည်။
ပြည်သူလူထုရဲ့ ဒုက္ဒများကို အေးချမ်းစွာ ဖော်ထုတ်ကြတဲ့ ၈၈
ကျောင်းသားများနှင့် NLD အဖွဲ့ ဝင်တွေလုပ်ဆောင်မှုကို အကြမ်းဖက်မှုဟု
မဟုတ်မမှန် လုပ်ကြံစွပ်စွဲတယ်ခြင်းသည် NLD ပါတီ နှင့် ၈၈ မျိုးဆက်
ကျောင်းသားများကို အရေးယူရန်အတွက် စတင် တပ်လှန့်လိုက်ခြင်းဟု
မြင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုလ (၅)
ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာတော်အပါး (၅၀၀)ခန့်က ပြည်သူအများ ခံစားနေရ
သည့် အကြပ်အတည်းကို ငြိမ်းချမ်းစွာ လမ်လျှောက်ကြွချီခဲ့ခြင်းကို
နယ်မြေခံစစ်တပ်မှ သေနတ် ပစ်ဖောက် ခြောက်လှန့်ခဲ့ပြီး ကြံ့ဖွံ့နှင့်
စွမ်းအားရှင်အဖွဲ့များက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး သံဃာတော်နှစ်ပါးအား
ဓါတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခဲ့သည်။
နောက်တနေ့တွင် သံဃာတော်များက အာဏာပိုင်ကားများ
ကျောင်းဝင်းအတွင်းဝင်လာစဉ် အာဏာပိုင် ၂၀ ဦးအား ဖမ်းဆီးထားကာ
၎င်းတို့ပိုင် ကားလေးစီးကို မီးရှို့ဖျက်ဆီးခဲ့သည်။ |