Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ပုသိမ်တွင် ဖမ်းထားသူများကို နှိပ်စက်နေသည့်သတင်းဖြစ်ပေါ်
မိသားစုများက ပျောက်ဆုံးနေသူများအတွက် စိုးရိမ်

ဗထူး။ စက်တင်ဘာ ၁၁၊ ၂၀၀၇ 

ပုသိမ်မြို့ပေါ်တွင် ဆန္ဒပြရန်ကြံစည်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများကို စစ်အစိုးရ အာဏာပိုင်များက ကြမ်းတမ်းသည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟုဆိုပြီး မိသားစု ဝင်များက ပျောက်ဆုံးနေသူများအတွက် စိုးရိမ်နေကြသည်။ 

ယခုလ (၅) ရက်နေ့က ပုသိမ်မြို့ရှိ အာဏာပိုင်များက ခေတ္တမေးမြန်းရန်ဟုဆိုကာ နေအိမ်များ နှင့် အခြားနေရာများမှ ဖမ်းဆီးသွားခဲ့ပြီးနောက် အဆိုပါသတင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဖမ်းဆီးခံရသူများတွင် တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သဖြင့် တပတ်အကြာ ထိန်းသိမ်းခံ ခဲ့ရသည့် ဦးအေးဝင်းအပါအ၀င် အင်န်အယ်ဒီပါတီဝင် ၈ ဦး ဖြစ်သည်။ 

“ပုသိမ်မြို့ပေါ်က ချောင်းသာကားဂိတ်မှာ ဖမ်းတာ၊ ဘာကြောင့်ဖမ်းတာကို မပြောဘူး၊ မေးလို့ လည်းမရဘူး၊ စဖမ်းတော့ တွေ့ပါတယ်။ တွေ့ခွင့်မရဘူး၊ မနေ့က သမီးသွားတွေ့တော့ သူအဖေ ထွက်လာတယ်၊ ဟိုရက်တွေကတော့ တအားစစ်တယ် ပြောတယ်၊ ခုရက်တော့ အပြင်ကို ထွက်လာတယ်လို့ပြောတယ်။ သွေးတိုးနည်းနည်းရှိတော့ သိပ်တော့ နေမကောင်းဘူး။ အခန်း ထဲမှာပဲ လွှတ်ထားပေးတာ” ဟု ဦးအေးဝင်း၏ဇနီးက ပြောဆိုသည်။ 

ပုသိမ်မြို့တွင် ဖမ်းဆီးထားသူများကို သက်ဆိုင်ရာ (ရယက)ရုံးများတွင် သီးခြားခွဲ၍ ချုပ်နှောင် စစ်ဆေးနေခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အာဏာပိုင်များက ပြောဆို ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။  

ဖမ်းဆီးခံထားရသူများမှာ ဦးအေးဝင်း၊ ဒေါ်မြင့်မြင့်စိန် (ချောင်းသာ ရပ်/ကျေး) NLD၊ မအေးအေးခိုင်(ချောင်းသား ရပ်/ကျေး) NLD၊ ကိုမျိုးလွင် (ချောင်းသာ ရပ်/ကျေး) NLD၊ ကိုသက်လွင် (HRDP)၊ ကိုလှသန်းကျော် ပုသိမ်  NLD စည်းရုံးရေးအဖွဲ့ဝင်၊  ဦးသိန်းဝင်း သာပေါင်း NLD  စည်းရုံးရေးအဖွဲ့ဝင်နှင့် အမည်မသိသူနှစ်ဦး စုစုပေါင်း (၉) ဦးဖြစ်သည်။  

ဦးအေးဝင်းသည် ယနေ့အထိ အမှတ် (၃) (ရယက)ရုံးတွင် ဖမ်းဆီးခံထားရသော်လည်း ကျန်သူများရှိမရှိကို သေချာစွာ မသိရသေးသော်လည်း ကိုသက်လွင်မှာ ပျောက်ဆုံးနေသည်ဟု ၎င်း၏ ဇနီးဖြစ်သူက ဆိုသည်။ 

“နန်းအေးကြည်ပါ၊ (၅) ရက်နေ့၊ နေ့လည်ပိုင်းက (၈) ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်သန်းက ခဏ ဆိုပြီး ခေါ်သွားတာပါ၊ ကိုသက်လွင်နဲ့ ကျန်ခဲ့တဲ့ နှစ်ရက်က တွေ့ရတယ်၊ (၈) ရက်နေ့ကနေပြီး မတွေ့ရတော့ဘူး၊ ဘယ်ကိုခေါ်သွားလဲ မေးတာလည်း မသိဘူးလို့ပြောတယ်၊ ကျမရဲ့ ယောက်ျားကို ထမင်ဗူးသွားပို့တာ၊ ခေါ်ပေးပါပြောတော့ မရှိဘူးလို့ ပြောတယ်၊ ဘယ်သူခေါ်သွား မှန်းလည်း မသိဘူးလို့ပြောတယ်”ဟု ဆိုသည်။ 

(၈) ရက်နေ့က ကိုသက်လွင်ကိုသွားတွေ့စဉ် ရဲအရာရှိများနှင့် ကြံ့ဖွံ့အဖွဲ့ဝင် (၂၀) ခန့်ကို အမှတ်(၈) ရပ်ကွက် (ရယက)ရုံးတွင် တွေ့မြင်ခဲ့ရပြီး အာဏာပိုင်များက ကိုသက်လွင်အား ခေါ်ဆောင် သွားခြင်းကို မသိကြောင်းသာဖြေခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ကျမ စိတ်ပူနေတယ်၊ အဲ့ဒါပဲသိတယ်၊ (မယက)ကို သွားမေးတော့လည်း မသိဘူးလို့ပြောတယ်။ အစောင့်တွေ အများကြီးရှိတယ်။ ကြံ့ခိုင်ရေးရော ရဲတွေကောပါ။ အင်္ကျီအဖြူတွေနဲ့ စောင့်နေ ကြတာ”ဟု နန်းအေးကြည်က ဆိုသည်။ 

ယခုနောက်ဆုံးရရှိသည့်သတင်းအရ ကိုသက်လွင်အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်သည်ဟု အမည်မဖော်လိုသူတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org