Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာလှုပ်ရှားမှုကို စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုစတင်

ဗထူး။ စက်တင်ဘာ ၅၊ ၂၀၀၇ 

ကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယနေ့ သံဃာတော်များက ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ရာ နယ်မြေခံစစ်တပ်နှင့် အာဏာပိုင်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည်။  

လူလူချင်း မေတ္တာထားကြရန် သံဃာတော် အပါး (၅၀၀)က တရားတော်များ ရွတ်ဖတ်ကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြွချီခြင်းကို စစ်တပ်က မိုးပေါ်သို့ သေနတ်ပစ်ဖောက်ကာ ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။  

ယနေ့နေ့လည် (၂) နာရီခွဲတွင် ပခုက္ကူမြို့၊ မန္တလေးကျောင်းတိုက်မှ သံဃာတော် အပါး (၁၀၀) ခန့်က ပြည်သူများအတွက်သံဃာဟု ခေါင်းစဉ်တပ်ကာ ကုန်ဈေးနှုန်းကျဆင်းရေး၊ တရားမျှတမှု ထွန်းကားရေး၊ ဖမ်းဆီးထားသော ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူများအား လွှတ်ပေးရေး စသည့်  ပိုစတာများ ကိုင်ဆောင်ကာ မေတ္တာပို့တရားများ ရွတ်ဆို၍ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။ 

“မေတ္တာပို့နဲ့ ထွက်လာကြတာ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေပေါ့ဗျာ၊ မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေပေါ့ဗျာ၊ မေတ္တာပို့ပြီး လမ်းလျှောက်ထွက်လာကြတာ။ ထွက်လာပြီး အလယ်တိုက်ရောက်တာပေါ့၊ အလယ်တိုက်ရောက်ပြီး ဆက်ပေါင်းပြီးတော့ ကြွလာကြတာ။ တမိုင်နီးပါး မြောက်ဘက်ကြတော့ ဗောဓိမာန်တိုင်ကျောင်း ရောက်ပြီး လမ်းချိုး ပြီးတော့ အဲ့က သံဃာတွေနဲ့ပေါင်းလိုက်တာ”ဟု ပခုက္ကူမြို့နေ မျက်မြင်သက်သေတဦးက ဆိုသည်။ 

ထို့နောက် သံဃာတော်များသည် ဗိုလ်ချုပ်လမ်းအတိုင်း ကြွလာရာ သံဃာအပါး (၅၀၀)ခန့် ဖြစ်သွားပြီး သံဃာတော်များက သုံးပါးတတွဲစီ တွဲကာ တို့မေတ္တာ ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု ရွတ်ဆိုကာ တမိုင်ခွဲခန့်တွင်ရှိသော အရှေ့တိုက်တွင်းသို့ ဝင်ပြီး ပြန်ထွက်လာရာ နောက်ထပ် သံဃာများ ထပ်ပေါင်း၍ ပေါက်လမ်းမဘက်သို့ ကြွချီခဲ့ကြသည်ဟု ၎င်းက ဆိုသည်။ 

သံဃာတော်များ ပခုက္ကူမြို့တွင်းသို့ ပြန်လည်ကြွချီရာ လမ်းဘေးတလျှောက်နှင့် နောက်မှ လိုက်လာသည့် ပြည်သူများက လက်ခုပ်လက်ဝါးများတီးကာ ထောက်ခံအားပေးကြပြီး ရေသန့် ဗူးများကို ဆက်ကပ်ခဲ့ကြသည်ဟု ဆိုသည်။ 

“ဆေးရုံလမ်း၊ အလက (၃) ရှေ့မှာ၊ တပ်က ရှေ့ကစောင့်ပြီး သေနတ်ပစ်ဖောက် ခြောက်လှန့် လိုက်တာပေါ့ဗျာ။ သေနတ် ၁၀ ချက်လောက် ပစ်ဖောက်တယ်။ မြို့နယ်သံဃာ့မဟာနာယက ဆရာတော် ဦးတေဇောကလည်း သံဃာတွေကို ဝင်ဆွဲတယ်။ ၀င်ဆွဲလိုက်တော့ နောက်ကလည်း သေနတ်ပစ်ဖောက်ပြီးတော့ အဲ့ဒါနဲ့ပဲ လူစုကွဲသွားတာပေါ့” ဟု အဆိုပါမြို့ခံ မျက်မြင် သက်သေက ဆိုသည်။ 

ယခု ပစ်ခတ်သည့်တပ်မှာ ပခုက္ကူအခြေစိုက် တပ်ဖြစ်ပြီး စစ်ကားများလည်း ပါဝင်သဖြင့် အင်အားမှာ ခန့်မှန်းရခက်ကြောင်းနှင့် သေနတ်ပစ်ဖောက်လိုက်သည့်အတွက် လက်ခုပ်တီး အားပေးနေသည့် ပြည်သူများလည်း ထွက်ပြေးခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ စစ်တပ်မှ သေနတ်ပစ်ဖောက်ဖြိုခွဲသည့်အတွက် လမ်းပေါ်သို့ လဲသွားသည့် သံဃာ အချို့ အနည်းငယ် ထိခိုက်ဒဏ်ရာရသည်သာရှိပြီး ဖမ်းဆီးခြင်း၊ ဒဏ်ရာပြင်းထန်စွာရရှိခြင်း မရှိကြောင်း သိရသည်။   

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org