|
ပခုက္ကူမြို့ခံများကို စစ်အစိုးရက
ဖမ်းဆီးထား
ဗထူး။
စက်တင်ဘာ ၈၊ ၂၀၀၇
ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏လှုပ်ရှားမှုတွင်
ပါဝင်သည့် ပြည်သူ ၄ ဦးကို အာဏာပိုင်များက ယမန်နေ့ညက တိတ်တဆိတ်
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သံဃာတော်များ ငြိမ်းချမ်းစွာ ချီတက်ကြွချီခြင်းနှင့် ယခုလ (၆)
ရက်နေ့တွင် အာဏာပိုင်များနှင့် တင်းမာမှုဖြစ်ပွားချိန်တွင်
ပြင်ပမီဒီယာများနှင့် ဆက်သွယ်သည်ဆိုသည့် မသင်္ကာမှုဖြင့် ဖမ်းဆီး
သွားခြင်းဖြစ်သည်။
အဖမ်းခံရသူများမှာ ဦးသာအောင်၊ ဦးသန့်ရှင်း၊ ကိုစိန်လေးနှင့်
ဦးနေလတို့ဖြစ်ပြီး မည်သည့် နိုင်ငံရေးပါတီကမှမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူ
ပြည်သူများဖြစ်သည်ဟု ဆိုသည်။
“ဦးသာအောင်က ပွဲရုံလုပ်ငန်းလုပ်၊ ဦးသန့်ရှင်းက
ဂုံနီအိတ်ရောင်းဝယ်ရေး၊ ကိုစိန်လေးက ရာသက်ပန်ရွှေဆိုင်၊ ဦးနေလက ရှေ့နေ၊
ရွှေဘိုဘုရားကြီး ဂေါပကဥက္ကဋ္ဌ ညက (၁) နာရီ ပတ်ဝန်းကျင်မှာ နေအိမ်တွေကနေ
(SB) ကနေ ခေါ်သွားတယ်”ဟု အမည်မဖော်လိုသူ မြို့ခံတဦီးကဆိုသည်။
တက်ကြွစွာလှုပ်ရှားသူ ပြည်သူများအား သံဃာတော်များဆောင်ရွက်ချက်တွင်
သွေးထိုး လှုပ်ဆော်ပေးသူများအဖြစ် စွပ်စွဲနေခြင်းမှာလည်း
မှားယွင်းနေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယနေ့တွင်
၎င်းတို့ ၄ ဦးအား အမှတ် (၁) ရဲစခန်းအတွင်း ချုပ်နှောင်ထားပြီး
အဆိုပါရဲစခန်းက စစ်ဆေးမေးမြန်းနေသည်ဟု တာဝန်ကျရဲဝန်ထမ်းက ဆိုသည်။
“ဒီနေ့မနက်က
မိသားစုဝင်တွေ သွားတွေ့တယ်။ အချုပ်ခန်းထဲတော့ ထည့်မထားဘူး၊
တယောက်တခန်းစီ သီးသန့်အခန်းတွေထဲမှာ ထားတယ်”ဟု မိသားစုနှင့်နီးစပ်သူက
ဆိုသည်။
ယခု
ဖမ်းဆီးစစ်ဆေးခြင်းခံထားရသူများသည် ပခုက္ကူမြို့တွင်
ထင်ရှားသူများဖြစ်သလို ပြည်သူအများ လေးစားသည့် ပုဂ္ဂိုလ်များလည်း
ဖြစ်သည်။
ယခုအချိန်တွင် ၎င်းတို့ ၄ ဦး ဖမ်းဆီးခံထားရခြင်းကို ပခုက္ကူမြို့တွင်း
သတင်းပျံ့နှံ့နေပြီး သံဃာ တော်များကလည်း စောင့်ကြည့်နေကြပြီဖြစ်သည်။ |