|
ရန်ကုန်တွင် မီးသတ်ကားနှင့်
လုံခြုံရေးများလှည့်လည် (၉) နာရီမှစတင်ကာ လူပြတ်သွားခဲ့
ဗထူး။
စက်တင်ဘာ ၁၈၊ ၂၀၀၇
ယနေ့
ရန်ကုန်တွင် သံဃာတော်များ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် ညဘက်တွင်
မီးသတ်ကား များနှင့် လုံခြုံရေးများက လှုပ်ရှားမှုများ စတင်လာမည်ကို
စောင့်ကြည့်နေခဲ့သည်။
သံဃာတော်များက ဆူးလေဘုရားနှင့် ဗိုလ်တထောင်ဘုရားတ၀ိုက်
ယနေ့နေ့လည်ပိုင်းက ဆန္ဒဖော်ထုတ်ပြသခဲ့ပြီးနာက် အာဏာပိုင်များက
လုံခြုံရေးအား လျှို့ဝှက်စွာ ချထားနေခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝတ်စုံတဦးနှင့် အရပ်သားအ၀တ်ဖြင့်
သရက်တောကျောင်းတိုက်တ၀ိုက်နှင့် အထင်ကရ မဟာဗန္ဓုလလမ်းတလျှောက်တွင်
စောင့်ကြည့်နေပြီး မီးသတ်ကားနှစ်စီးက အဆိုပါမြို့နယ် အတွင်း
လှည့်လည်ခဲ့ခြင်းဖြစ်သည်။
“လေဆိပ်မထွက်ခင် ကိုးမိုင်အကျော်လောက်မှာ တားပြီး စစ်တာရှိတယ်။
အသွားအလာက အရင်နေ့ထက်ကို ပါးသွားပြီ။ လက်လှမ်းမှီသလောက်တော့
ပြောပါ့မယ်။ ကျနော်က ဘာရယ်တော့မဟုတ်ပါဘူး။ သိသလောက် အမှန်အတိုင်းလေးပဲ
ပြောပါ့မယ်။ ကျနော်တို့ ဗမာပြည်မှာတော့ အခက်အခဲတွေ အများကြီးပါ။
ဖြစ်လာသမျှကို ရင်ဆိုင်ရမှာက ဗမာပြည်သူ ပြည်သားတွေရဲ့ ထုံးစံပေါ့။
ဖြစ်လာသမျှကို ရင်ဆိုင်မယ်။ စစ်တပ်က ပစ်မယ်ဆိုလည်း ပစ်တော့ ပေါ့ဗျာ” ဟု
ဟစ်ဟော့သီချင်းများကြိုက်သူ လူငယ်တဦးက ဆိုသည်။
ဒုရဲအုပ်တဦး၊ မြို့နယ်(မယက)နှင့် ရယကအဖွဲ့ဝင်တဦးတို့ ဦးဆောင်သည့်
အဖွဲ့များက ကမ်းနား လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း၊ ကုန်သည်လမ်းနှင့်
ဗိုလ်အောင်ကျော်လမ်း၊ ဗန္ဓုလလမ်းနှင့်
ဗိုလ်အောင်ကျော်လမ်းများတ၀ိုက်တွင် ချထားပြီး ယနေ့ဖြစ်ပွားခဲ့သည့်
အဓိကနေရာများကို စောင့်ကြည့်နေခြင်းဖြစ်သည်။
ယနေ့ဆန္ဒပြပွဲ ဖြစ်ပွားခဲ့သည့် ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းတို့တွင်
အာဏာပိုင်များက လုံခြုံရေးများ အထူးတလည် ချထားခြင်းမရှိသော်လည်း
စစ်တွေမြို့တွင်း စစ်ကားများဖြင့် မြို့အား လှည့်ကာ
နေရာယူစောင့်ကြည့်နေသည်ဟု ဆိုသည်။
“ညနေက
လေးနာရီလောက်ပြီးသွားတာ၊ မျက်ရည်ဗုံး ၁၀ လုံးလောက် ပစ်တယ်၊ မြို့တော့
တိတ်သွားတယ်၊ ဘယ်သူတွေပါလည်းဆိုရင် တမြို့လုံးလေ။ သံဃာက
သုံးပါးလောက်နဲ့ လူ (၁၀) ယောက်လောက် အဖမ်းခံရတယ်၊ ဘယ်ခေါ်သွားမှန်းကို
မသိတာ၊ (မယက)လား၊ ဘာလားလည်းမသိဘူး၊ ခုပဲ စစ်ကားတွေ ဖြတ်တုန်းပါပဲ”ဟု
စစ်တွေမြို့ခံတဦးက ဆိုသည်။
ကျောက်ပန်းတောင်းနှင့် ပခုက္ကူတွင်လည်း လုံခြုံရေးကို တင်းကြပ်စွာ
မချထားသော်လည်း ယနေ့တွင် ပခုက္ကူကျောင်းစာသင်တိုက်မှ သံဃာတော်များက
သက်ဆိုင်ရာ မိမိတို့၏ ကျောင်းတိုက်အတွင်း
ပတ္တနိကုဇ္ဇနကံဆောင်လိုက်ကြသည်ဟု ဘွဲ့အမည်မဖော်လိုသည့် သံဃာတပါးက
မိန့်ကြားသည်။
“တကျောင်းကို စာသင်သားတွေကောဆိုရင် (၃၀၀) လောက်ရှိတာ၊
ဘုန်းကြီးတို့ကျောင်း ကတော့ အပါးသုံးဆယ် ကံဆောင်တာလေ၊
ကိုယ်ရင်တွေကျတော့ သိမ်ဝင်မှမရတာကိုး၊ ရဟန်းဖြစ်မှကိုးနော့်၊
ကံဆောင်ထားပါပြီ၊ လုံခြုံရေးကတော့ ထူးထူးထွေထွေ မတွေ့သေးဘူး”ဟု
ပခုက္ကူစာသင်တိုက်မှ သံဃာတပါးက မိန့်ဆိုခဲ့သည်။ |