Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လပွတ္တာတွင်ဆန္ဒပြမှု လူ (၂၀၀၀)ခန့် ပူးပေါင်းလာ

ဗထူး။  စက်တင်ဘာ ၃၊ ၂၀၀၇ 

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် ယနေ့နံနက်က ဆန္ဒပြမှုပြုလုပ်ခဲ့ရာ  လူ (၂၀၀၀)ခန့် ပါဝင် ပူးပေါင်းလာကာ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်ခဲ့ကြသည်။ 

နိုင်ငံအနှံ့ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိရာ ယနေ့မနက်တွင် အဆိုပါမြို့၌လည်း လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

နံနက် (၈) နာရီတွင် သပိတ်ကြိုဘုရားမှစတင်ကာ ကိုအောင်မိုးဝင်း၊ ဦးကြည်သန်း၊ ဦးဌေးဝင်းတို့ သုံးဦးမှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ရာ လူအများ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ 

“သပိတ်ကြိုဘုရားက စထွက်တာ။ (၈) နာရီခွဲလောက်ကျတော့ မြို့အ၀င်ဝမှာ (မယက)အဖွဲ့ တွေက  ဖမ်းတယ်။ ဖမ်းပြီးတော့ မြောင်းမြထောင်ကို ခေါ်သွားတယ်။ နောက်က လူနှစ်ထောင် လောက် လိုက်လာတယ်၊ လူတွေအားကြီးပဲ” ဟု အမည်မဖော်လိုသူ အင်န်အယ်ဒီပါတီဝင် တဦးက ဆိုသည်။ 

စတင်ဆန္ဒပြသူ သုံးဦးမှာ အင်န်အယ်ဒီပါတီဝင်ဟောင်းများဖြစ်ပြီး ကိုအောင်မိုးဝင်းမှာ ပါတီမှ နှုတ်ထွက်ခဲ့သူတဦးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ဒီဘုရားက အရင်တုန်းကလည်း သပိတ်တွေစလုပ်ခဲ့တဲ့နေရာ၊ ရဲစခန်းနဲ့လည်း နီးတယ်။ သပိတ်ကြိုဘုရားနဲ့ သြဘာလမ်းထောင့်မှာ ဟောပြောပွဲတခုလုပ်တယ်။ သြဘာလမ်းအတိုင်း ဆက်တက်လာပြီးတော့ ရိုးမမိုး လ္ဘက်ရည်ဆိုင်နားမှာ တခါထပ်ဟောတယ်။ လူတွေက နှစ်ထောင်သုံးထောင်လောက် ရှိမယ်။ လူတွေက လက်ခုတ်တွေတီးကြ၊ သြဘာတွေပေးကြနဲ့ တကယ်ကို အားရစရာကြီးပဲ”ဟု လမ်းလျှောက်ဆန္ဒပြခဲ့သူ မြို့ခံတဦးက ဆိုသည်။ 

ဦးဆောင်ဆန္ဒပြခဲ့သူ သုံးဦးကို ရဲများနှင့် မြို့နယ်(မယက)မှ ဖမ်းဆီးသွားသော်လည်း ပြည်သူများကို နှောင့်ယှက်ဟန့်တားခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org