|
သံဃာ့တပ်ပေါင်းစုအတွက်
ကျောက်ပန်းတောင်းမှာ သံဃာတော်များလမ်းလျှောက်ကြွချီပြီ
ဗထူး။
စက်တင်ဘာ ၁၇၊ ၂၀၀၇
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် သံဃာတော်များ
လမ်းလျှောက်ကြွချီကာ ပြည်သူ အများ ခံစားနေရသည်များကို မေတ္တာပို့ကာ
ဆန္ဒဖော်ထုတ်ခဲ့သည်။
သံဃာ့တပ်ပေါင်းစုမှ တောင်းဆိုချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ယနေ့
ကျောက်ပန်းတောင်း သံဃာတော်များက အဆိုပါထုတ်ပြန်ချက်ကို
ထောက်ခံသောအားဖြင့် နံနက် (၆) နာရီမှ စတင်ကာ
ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်
(၆) နာရီမှစတင်ကာ ကျောက်ပန်းတောင်းသံဃာတော် အပါး (၇၀၀) ကျော်က
မြို့တွင်းသို့လှည့်လည်ကာ မေတ္တာပို့ပရိတ်တရားတော်များ ရွတ်ဖတ်ကာ
အေးချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
“မြို့ပတ်လမ်းကနေ ခေမာသီဝန်ကျောင်းလမ်းဘက်အတိုင်း ကွေ့သွားတယ်။
ပြီးတော့ ဈေးဘက်ကို တက်တယ်။ မြို့ပတ်လမ်းမှာတော့ ၄၀၀ လောက်ရှိတယ်။
မေတ္တာပို့ပြီး ဆုတောင်း သွားတာပေါ့၊ ပခုက္ကူအတွက် ဆုတောင်းတယ်။
ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေအတွက်လည်း
မေတ္တာပို့ဆုတောင်းသွားတယ်။ မြို့ပတ်လမ်းမှာတော့ မနက် (၆) နာရီလောက်က
ဖြတ်သွားတယ်။ သုခ၀တီတို့၊ အောင်မြေတို့ဆိုတဲ့ စာသင်တိုက်တွေကပါ” ဟု
မြို့ပတ်လမ်းတွင်နေထိုင်သူ မြို့ခံအမျိုးသမီးတဦးက ဆိုသည်။
ယခုလ (၉)
ရက်နေ့တွင် သံဃာ့သမဂ္ဂီ၊ ရဟန်းပျိုနှင့် နိုင်ငံအ၀ှမ်း သံဃာတော်များက
စစ်အစိုးရ အား ယနေ့တွင် ပတ္တနိကုဇ္ဇနကံဆောင်သပိတ်မှောက်ရန်
သတ်မှတ်ထားခဲ့ပြီး ယနေ့ သံဃာ တော်များက အဆိုပါထုတ်ပြန်ချက်ကို
ထောက်ခံကာ ယနေ့မှစတင်၍ ဆန္ဒဖော်ထုတ်သွား မည်ဟု ဆိုသည်။
သံဃာတော်တွေက လိုလားတောင့်တချက်ကို ဦးဇင်းတို့က ဆန္ဒပြုတာပဲ၊
အထူးသဖြင့် ပခုက္ကူမှာဖြစ်ခဲ့တာကို ဦးဇင်းတို့အနေနဲ့ မေတ္တာသုတ်ရွတ်တယ်၊
လူတွေ အစစအရာရာ ဆင်းရဲ ကြပ်တည်းနေတယ်။
ဘာမှကူညီဆောင်ရွက်မပေးနိုင်တာကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေတဲ့
ဒကာ၊ ဒကာမတွေအတွက် မေတ္တာသုတ်ရွတ်တယ်။ မောရသုတ်ရွတ်တယ်။ မောရသုတ်ရွတ်တာ
ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူတွေအတွက် ကာယကံမြောက်
မကူညီ နိုင်တာကြောင့် မေတ္တာဓာတ်နဲ့ ကူညီတဲ့အနေနဲ့ လွတ်မြောက်အောင်
ရွတ်ပေးတယ်”ဟု ယနေ့ ဆန္ဒပြုရာတွင်ပါဝင်သည့် စာသင်တိုက်မှ သံဃာတပါးက
ဆိုသည်။
ယနေ့
ကျောက်ပန်းတောင်သံဃာတော်များက နံနက်မှစတင်ကာ လမ်းလျှောက်ကြွချီ ဆန္ဒပြ
ခဲ့ပြီး ဈေးကြီးရှေ့တွင်ထိုင်ကာ မေတ္တာသုတ်နှင့် မောရသုတ် (၉) ခေါက်စီ
ရွတ်ဆို၍ သံဃာ တော်များက နှစ်ပါးစီ နှစ်တန်းတန်းကာ စေတီကြီးဘုရားအား
တပတ်ပတ်ပြီး ဈေးနှင့် မြို့တွင်း လမ်းများသို့ ကြွချီခဲ့ရာ
မြို့ခံလူအများက ကြိုဆိုခဲ့ကြသည်။
“အစောကြီးဆိုတော့ အိမ်ထဲကထွက်လာတာတွေ၊ လမ်းမှာကြိုပြီးတော့
စောင့်နေတာမျိုးတွေ၊ တချို့ကြတော့ ငိုယိုပြီးတော့ကို ၀တ်ချတဲ့ ဒကာ၊
ဒကာမတွေရှိသလို တချို့ကလည်း ဝမ်းမြောက်ဝမ်းသာကို ကြိုကြပါတယ်”ဟု
အဆိုပါသံဃာတော်က ဆိုသည်။
ယနေ့သံဃာတော်များသည် ပခုက္ကူတွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကို
ရှုတ်ချလိုက်ပြီး စစ်အစိုးရ အနေဖြင့် သံဃာတော်များကို
အများပြည်သူသိအောင် ၀န်ချတောင်းပန်ရန် တောင်းဆိုလိုက်ပြီး
သံဃာ့တပ်ပေါင်းစုမှ ထုတ်ပြန်ထားသည့် ပတ္တနိကုဇ္ဇန ကံဆောင်ခြင်းကို
ကြိုဆိုထောက်ခံ ဆန္ဒပြုလိုက်သည်ဟု အဆိုပါသံဃာက ဆက်လက်ပြောဆိုသည်။
“သံဃာတပ်ပေါင်းစုဌာနချုပ်ကတော့ မနက်ဖြန်မှာ စမယ်။ ဒါကတော့
ပြည်နယ်တိုင်းအသီးသီး က သူ့တို့နည်းဟန်တွေနဲ့ ရံတဲ့သဘောပါ။ မနက်ဖြန်ကနေ
စပြီးတော့ ပတ္တနိကုဇ္ဇနကံဆောင် တော့မယ်။ တနိုင်ငံလုံးအတိုင်းအတာပါ”ဟု
ရဟန်းပျိုသမဂ္ဂမှ ဘွဲ့အမည်မဖော်လိုသည့် သံဃာတပါးက မိန့်ကြားသည်။
သံဃာ့တပ်ပေါင်းစုမှ ပတ္တနိကုဇ္ဇနကံဆောင်မည်ကို ထောက်ခံကြောင်း၊
အားပေးသွားမည်ဖြစ် ကြောင်း ကျောက်ပန်းတောင်းမှ သံဃာတော်က “သံဃာ့ဝန်ထမ်း
ရှင်ရဟန်းချင်းအတူတူ ဖြစ်နေလို့ သူတို့လုပ်တာမှန်သမျှကို
ကျေကျေနပ်နပ်နဲ့ ဆန္ဒပြုမယ်၊ အမြဲတမ်းလည်း အားပေး မယ်။ သံဃာ့သမဂ္ဂီက
ကံဆောင်ပြီဆိုတာနဲ့ ဦးဇင်းတို့အနေနဲ့ ဆောင်ရာ ရောက်ပါတယ်”ဟု
မိန့်တော်မူသွားခဲ့သည်။ |