|
တကိုယ်တော်ဆန္ဒပြသူကို ထောင်ဒဏ် ၎
နှစ်ချမှတ်
ဗထူး။
စက်တင်ဘာ ၁၂၊ ၂၀၀၇
ယမန်နေ့က
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တကိုယ်တော်ဆန္ဒပြသူတဦးကို စစ်အစိုးရ
တရားရုံးမှ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။
ယမန်နေ့က
ဖောင်တော်ဦးစေတီမှ ဦးဥတ္တမလမ်းအတိုင်း လမ်းလျှောက်ဆန္ဒပြခဲ့သူ
ကိုစိုးဝင်းကို အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ထိုနေ့ညနေပိုင်းတွင်
ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသာများ ပြန်လွှတ်ပေးရေး၊
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရေး စသည့်
ပိုစတာများ ကိုင်ဆောင်ဆန္ဒပြခဲ့သူ ဆားစဉ်ရွာသား ကိုစိုးဝင်းအား
တောင်ကုတ်မြို့ဈေးရှေ့အရောက်တွင် အာဏာပိုင်များက
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ကိုစိုးဝင်းကို မနေ့က (၈) နာရီခွဲလောက်မှာ ဖမ်းတာ၊ ပြီးတော့ ညနေ (၄)
နာရီခွဲလောက်မှာ တောင်ကုတ်မြို့နယ်တရားရုံးမှာ ၄ နှစ်
အမိန့်ချလိုက်တယ်၊ တရားသူကြီးက ဒေါ်သိန်းဟန်” ဟု မြို့ခံတဦးက ဆိုသည်။
စစ်အစိုးရက
ပခုက္ကူမြို့ရှိ သံဃာတော်များအား အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့်
နိုင်ငံတ၀ှမ်းရှိ ရဟန်းသံဃာများအကြား မကျေနပ်မှုများ တိုးပွားနေရာ
ကိုစိုးဝင်းကလည်း နိုင်ငံအကြီးအကဲ ဆိုသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား
ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
“ဆားစဉ်က
မြို့နဲ့ဆို မိုင် ၂၀ လောက် ဝေးတယ်၊ ကိုစိုးဝင်းကို
ခုလိုထောင်ချလိုက်တာ မိသားစု တောင် မသိသေးဘူး။ တရားဥပဒေက
ပြန်လည်ခုခံချေပခွင့်တောင် မပေးတော့ဘူးဆိုတော့ အခြေအနေက တော်တော်ကို
ဆိုးသွားပြီ။ မြို့ပေါ်ကလည်း ဒီလိုလုပ်တဲ့အတွက် အတော် မကျေနပ်ကြဘူး”ဟု
အဆိုပါမြို့ခံက ပြောဆိုသည်။ |