|
အဓိကတရားခံများ စစ်ဆေးခွင့်ကို
တရားရုံးမှပယ်ချ
ဗထူး။
စက်တင်ဘာ ၁၊ ၂၀၀၇
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တရားရုံးက
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) မှ ၄င်းတို့အား
အကြမ်းဖက် ရိုက်နှက်ခဲ့ရာတွင် ဦးဆောင်ပါဝင်သူများအား တရားခံ အဖြစ်
တင်ပြထားမှုကို တရားရုံးက ပယ်ချလိုက်သည်။
လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်နေသူများအား ယခုနှစ် ဧပြီလအတွင်းက
ဟင်္သာတ မြို့နယ်၊ အုတ်ပုံကျေုးရွာတွင် စစ်အစိုးရအာဏာပိုင်များက
အကြမ်းဖက် ရိုက်နှက်ခဲ့ပြီး နောက်ပိုင်း (HRDP)အဖွဲ့ဝင်များက
အာဏာပိုင်များအား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့တဲ့
(၃၀) ရက်နေ့က အာဏာပိုင်များက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့်
အုတ်ပုံ ကျေးရွာသား ဦးမြစိန်၊ ဦးမြင့်နှင့် ကိုကျော်လွင်တို့
သုံးဦးအား တရားလိုသက်သေများအဖြစ် ဟင်္သာတထောင်မှထုတ်ကာ စစ်ဆေးခဲ့သည်။
“ပြီးခဲ့တဲ့အပတ်က တင်ပြထားတဲ့ နောက်တိုးတရားခံတွေကို တရားရုံးက
ပယ်ချလိုက်တယ်။ အဓိကတရားခံတွေဖြစ်တဲ့ ဟင်္သာတမြို့နယ်
ကြံ့ဖွံ့အတွင်းရေးမှူး ဦးညွန့်ဦးတို့ကို နောက်တိုး တရားခံတွေအဖြစ်
တင်ပြခဲ့တာလေ၊ အဲ့ဒါ ပယ်ချခံလိုက်ရတယ်” ဟု အမည်မဖော်လိုသူတဦးက ဆိုသည်။
(HRDP)
အဖွဲ့ဝင်များအား အကြမ်းဖက် ရိုက်နှက်ခဲ့ရာတွင်
ဟင်္သာတမြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး အပါအ၀င် တလုတ်ထော်ရဲစခန်းမှ
ရဲအုပ်များ၊ ကြံ့ဖွံ့အဖွဲ့ဝင်များ ပါဝင်သော်လည်း ရိုက်နှက်ခြင်း
ခံခဲ့ရသူ (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်အား ထောင်ဒဏ် (၈) နှစ်နှင့်
အုတ်ပုံကျေးရွာသား (၅) ဦး အား ထောင်ဒဏ် (၄) နှစ်စီ အသီးသီး တရားရုံးက
အမိန့်ချမှတ်ခဲ့သည်။
တရားရုံးမှ
မူလတင်ပြထားသည့် တရားခံ (၁၂) ဦးအနက် (၆) ဦးကိုသာ လက်ခံခဲ့သဖြင့်
တရားလိုပြသက်သေများကို စစ်ဆေးချက်အရ ပေါ်ပေါက်လာသည့်
နောက်တိုးတရားခံများကို တရားရုံးတွင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု
ရှေ့နေဦးအောင်သိန်းက ဆိုသည်။
အဆိုပါတရားခံများမှာ ဟင်္သာတမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး
ဦးညွန့်ဦီး၊ တလုတ်ထော်ရဲစခန်း ယာယီစခန်းမှူး ထွန်းထွန်းဝင်း၊
ဒုရဲအုပ် သန်းထိုက်၊ ဦးအောင်သန်း အုတ်ပုံကျေးရွာ (ရယက) ဥက္ကဋ္ဌ
ကိုဌေးဝင်း၊ ကညင်ငူကျေးရွာ ကြံ့ဖွံ့စည်းရုံးရေးမှူး ကိုကျော်ကျော်၊
အုပ်ပုံကျေးရွာမှ ဦးကံမြင့်၊ ကိုမောင်ငြိမ်း၊ ကိုကံစ၊
ဦးလှမြင့်တို့ ဖြစ်သည်။
“လာမဲ့
ကြာသပတေး၊ သောကြာမှာ အမိန့်တရပ်ချမှတ်လိမ့်မယ်၊ တရားခံ (၆) ဦးနဲ့
ပတ်သက်တဲ့ အမိန့်ပေါ့၊ အမှုကို ပိတ်သိမ်းချင်လည်း ပိတ်သိမ်းနိုင်တယ်၊
ဒါပေမဲ့ အဓိကတရားခံတွေ မပါတဲ့ အတွက် ဆက်တက်ရမယ်။ ခရိုင်ကတဆင့်
တရားရုံးချုပ်ထိ ရောက်အောင်ပေါ့”ဟု ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။
တရားရုံးမှ
ရဲစစ်ဆေးတွေ့ရှိချက်အရ နောက်တိုးတရားခံများကို ပယ်ချခဲ့ခြင်းဖြစ်ပြီး
အာဏာပိုင် အချင်းချင်းမှ မိမိတို့ရှိ တရားခံများကို ချန်လှပ်ကာ
တရားရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
|