|
စစ်သားသစ်ဝယ်ရန် ငွေကောက်ခံ
ဗထူး။
စက်တင်ဘာ ၁၀၊ ၂၀၀၇

စစ်သားသစ်များ ၀ယ်ယူစုဆောင်းရန်အတွက်ဟုဆိုကာ ပဲခူးတိုင်း၊
ပြည်ခရိုင်အတွင်းရှိ ကျေးရွာ များတွင် ဒေသခံပြည်သူများထံမှ အဓမ္မ
ငွေကြေးကောက်ခံခဲ့သည်။
ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်တွင် မြို့နယ်(မယက)အမိန့်ဟုဆိုကာ
သက်ဆိုင်ရာ ရပ်ရွာ (ရယက)များက အိမ်ထောင်စုအလိုက်
ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။
ယခုစီမံချက်ကို စက်တင်ဘာ (၁) ရက်နေ့မှ စတင်ခဲ့ပြီး ကျေးရွာအုပ်စုအလိုက်
စစ်သားသစ် ဝယ်ယူစုဆောင်းရန် (မယက)အမိန့်ဖြင့် ကောက်ခံခြင်းဖြစ်သည်။
“တအိမ်ထောင်ကို
၁,၅၀၀ ကျပ်ကနေ ၃,၀၀၀ အထိ ကောက်နေတာ၊ မပေးနိုင်တဲ့ အိမ်ထောင်စု တွေကို
စစ်တပ်က ပေါ်တာဆွဲတာပဲဖြစ်ဖြစ်၊ လာရောက်မေးမြန်း အရေးယူတာပဲဖြစ်ဖြစ်ပေါ့
ဖြစ်လာရင် တာဝန်မယူဘူးလို့ကို (ရယက)အဖွဲ့တွေက ခြိမ်းခြောက်ပြီးတော့ကို
ကောက်နေတာ” ဟု ဒေသခံတဦးက ဆိုသည်။
ဒုရင်တဖိုအုပ်စုမှ (ရယက)ဥက္ကဋ္ဌ ဌေးအောင်၊ ကြို့ကုန်းအုပ်စုမှ ရာအိမ်မှူး
သန်းဆွေ၊ မြို့မ အုပ်စုမှ (ရယက)ဥက္ကဋ္ဌ မြင့်ဦးတို့မှ
အသီးသီးကောက်ခံနေပြီး နွာခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းနံရိုးအုပ်စု၊
ညောင်ဇရပ်အုပ်စု၊ တောင်ပြင်ကုန်းနှင့်
စခုပ်ကုန်းကျေးရွာအုပ်စုများတွင်လည်း (မယက)အမိန့်နှင့်
ငွေကြေးကောက်ခံနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
နိုင်ငံ၏
အချို့နေရာများတွင် စစ်သားသစ်စုဆောင်းရေးများအား စီမံချက်ဖြင့်
ပြုလုပ်ကောက်ခံ နေရာ ကျေးရွာနှင့် ရပ်ကွက်များအား အိမ်ထောင်စုအလိုက်
ငွေကြေးကောက်ခံနေပြီး တပ်သား သစ်တဦးကို ကျပ်ငွေ ၃,၀၀၀ ပေးကာ ၀ယ်ယူ၍
စီမံချက်ပြည့်မှီအောင် ဆောင်ရွက်နေရခြင်း ဖြစ်သည်။
အဆိုပါ
အတင်းအကြပ် စုဆောင်းကောက်ယူရာတွင် အရွယ်မရောက်သေးသည့် ကလေး ငယ်များ
များစွာ ပါဝင်နေ ပြီး အချို့မှာ မိသားစုစားဝတ်နေရေးအတွက်
ယာယီဖြေရှင်းသည့် အနေဖြင့် စိတ်ဆန္ဒမပါဘဲ စစ်တပ်တွင် ဝင်ရောက်အမှုထမ်းရန်
လိုက်ပါနေခြင်းဖြစ်သည်။
ဘိုကလေးမြို့တွင်လည်း ဒုစရိုက်သမားများကို အဆိုပါမြို့တွင်
တပ်စွဲထားသည့် ခလရ (၃၈) တပ်က တရားသူကြီးများ၊ ရဲစခန်းများနှင့်
ညှိနှိုင်းကာ စစ်တပ်ထဲဝင်ရန် စုဆောင်းနေခဲ့သည်ဟု ဆိုသည်။
အဆိုပါမြို့ခံက “ခလရ (၃၈) က ဗိုလ်ကြီးတယောက်က တရားသူကြီးနဲ့ညှိပြီး
ခိုးမှုနဲ့ထောင်ကျမဲ့ အချုပ်သားကို စစ်တပ်ထဲဝင်ရင် ထောင်မကျဘူး၊
မ၀င်ရင်တော့ အလုပ်ကြမ်းနဲ့ ရဲဘက်ကို ပို့မယ်လို့ ပြောပြီး စစ်တပ်ထဲကို
အတင်းခေါ်ထည့်ခဲ့တယ်”ဟု ဆိုသည်။
စစ်အစိုးရအနေဖြင့် ၎င်းတို့တပ်အတွင်းမှ ထွက်ပြေးသည့် တပ်ပြေးများ
များပြားလာမှု၊ တပ်အင်အားတိုးချဲ့မှုနှင့် တနှစ်အတွင်း တိုက်ပွဲများတွင်
သေဆုံးဒဏ်ရာရရှိသည့် အခြေအနေ များကို ပြန်လည်ဖြည့်တင်းရန်အတွက်
ယခုကဲ့သို့ စစ်သားသစ်စုဆောင်းမှုများကို အပူတပြင်း
လုပ်ဆောင်နေခြင်းဖြစ်သည်။ |