Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံဃာတော်များ စတင်အကြမ်းဖက်ခံရသည့် ပခုက္ကူတွင်
သံဃာနှင့်ပြည်သူ ပူးပေါင်းဆန္ဒပြ

ဗထူး။ စက်တင်ဘာ ၂၉၊ ၂၀၀၇ 

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယနေ့နေ့လည်ပိုင်းက သံဃာတော်များစတင်ကြွချီခဲ့ရာ မြို့လုံးကျွတ် ပြည်သူများက ထောက်ခံအာပေးပြီး ပူးပေါင်းဆန္ဒပြခဲ့သည်။ 

နိုင်ငံနှင့်အ၀ှမ်း သံဃာနှင့်ပြည်သူများ ဆန္ဒပြမှုဖြစ်ပွားနေချိန် ပခုက္ကူမြို့တွင်လည်း ယနေ့ နေ့လည် (၂) နာရီခွဲမှ စတင်ကာ သံဃာနှင့်ပြည်သူများ ပူးပေါင်းဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

“(၂) နာရီခွဲလောက်ကနေ စတာ၊ သံဃာအင်အားက ၂၀၀၀ ကျော်တယ်၊ နောက်မှာတော့ ပြည်သူ နှစ်ထောင်သုံးထောင်လောက် ရှိတယ်။ ဗိုလ်ချုပ်လမ်းမကနေ အရှေ့တိုက်ကျောင်း ရှေ့က သီတာလမ်း၊ နောက်ပေါက်လမ်းအတိုင်း၊ အနောက်ကို တက်သွားတာ၊ သီဟိုဠ်ရှင် ဘုရားမှာ ၀တ်ပြုဆုတောင်းတယ်၊ လူထုတွေကတော့ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ စစ်အစိုးရ အလိုမရှိလို့လည်း အော်တယ်”ဟု ပခုက္ကူသံဃာတော်တပါးက မိန့်သည်။ 

ယခုကဲ့သို့ ပြည်သူများ တက်ကြွစွာ ပူးပေါင်းလာမှုကြောင့် ၀မ်းသာကြည်နူးအားတက်မိပြီး ၎င်းအနေဖြင့် စစ်အစိုးရမှ သံဃာနှင့်ပြည်သူများကို သတ်ဖြတ်နေခြင်းကို မကျေနပ်ကြောင်း ဆက်လက်မိန့်ကြားသည်။

“မကျေနပ်ဘူးဗျ၊ မကျေနပ်တာတော့ အမှန်ပဲ၊ သူတို့လုပ်ရပ်တွေက တော်တော်မှားယွင်းတယ် လို့ပဲ ပြောချင်တယ်။ ဦးဇင်းတို့ကတော့ ကမ္ဘာမကြေဘူးဆိုတာပဲ ထပ်ပြောချင်တယ်၊ နအဖ စစ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ကောင်းစားဖို့အရေးကိုပဲ စဉ်းစားပေးပါဆိုတဲ့ အကြောင်း၊ ဖမ်းဆီးထားတဲ့ ရဟန်းသံဃာတွေကို လွှတ်ပေးပါဆိုတဲ့ အကြောင်းပဲ ပြောချင်တယ်”ဟု သံဃာတော်က မိန့်ဆိုသည်။ 

ယနေ့ ပခုက္ကူဆန္ဒပြပွဲသည် ယခင်ရက်များထက် လူပိုမိုများပြားပြီး လူအများက သံဃာတော် များအား ၀ပ်ချရှိခိုးကာ အားပေးခဲ့ကြပြီး ကြွေးကြော်သံများဖြင့် လိုက်ပါဆန္ဒပြခဲ့ကြသည်။ 

“ပထမစထွက်တုန်းကတော့ မေတ္တာပို့လမ်းလျှောက်တာပေါ့နော်၊ လူအင်အားက သောင်းဂဏန်း ကျော်မှာပဲ၊ လူတွေကတော့ မဆုံးနိုင်ဘူး၊ အများကြီးပဲ မြင်နေရတယ်၊ ခြေလျှင်လိုက်တဲ့လူကော စက်ဘီးတွေ ဆိုင်ကယ်တွေရော လမ်းအပြည့်လိုက်နေတာ။ လမ်းဘေးကတော့ အိမ်တိုင်း ထွက်ကြတာပဲ၊ ထိုင်ဝပ်ချပြီး ကြည်ညိုကြတာပဲ၊ အေးအေးဆေးဆေးပါပဲ၊ ဆရာတော်ကြီး တွေကိုမြင်တော့ ပြောမပြတတ်လောက်အောင် ကြည်ညိုမိတယ်၊ ပြည်သူတွေကလည်း နောက်ကနေ အကုန်ပါကြတာပဲ”ဟု ပခုက္ကူမြို့ခံတဦးက ဆိုသည်။ 

ယနေ့ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနှင့် ပတ်သက်၍ ပခုက္ကူသံဃာက “ဒီ ဂန်ဘာရီအနေနဲ့ပေါ့လေ၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်”ဟု မိန့်ဆိုသည်။ 

ဒီကနေ့ ပခုက္ကူမြို့သံဃာနှင့်လူထု ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆန္ဒပြပွဲကို စစ်အစိုးရက တစုံတရာ ဟန့်တားနှောင့်ယှက်မှုမပြုပဲ ညနေ (၄) နာရီခွဲတွင် အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org