|
ရန်ကုန်၊ မန္တလေးမှာ
လုံခြုံရေးများကွက်ကြား သံဃာထုက ပိုထွက်မည်ဟုဆို
ဗထူး။
စက်တင်ဘာ ၂၆၊ ၂၀၀၇

ယမန်နေ့ညမှစတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လုံခြုံရေးများ
ကွက်ကြားချထားပြီး ညမထွက်ရအမိန့်များ လိုက်လံကြေညာထားခဲ့သော်လည်း ယနေ့
မြို့နှစ်မြို့မှသံဃာထုက ယခင်နေ့များထက် ပိုမိုများပြားစွာ
လမ်းလျှောက်ကြွချီကြမည်။
စစ်အစိုးရက
ရဟန်းသံဃာများအား အကြမ်းဖက်ရန် ပြင်ဆင်နေခြင်းကို နိုင်ငံအ၀ှမ်းနှင့်
ကမ္ဘာက စောင့်ကြည့်နေချိန်တွင် သံဃာများက ယင်းသို့
ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒီနေ့လည်း
ဆက်ထွက်မယ်၊ သံဃာတွေက နောက်ဆုတ်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ထွက်မယ်။
ကျောင်းသားတွေလည်း ထွက်မယ်။ သူတို့ဘက်ကလည်း ပစ်တာခတ်တာ မစသေးဘူးလို့
ခန့်မှန်းတယ်။ နိုင်ငံတကာမျက်နှာစာနဲ့ ပြည်တွင်းမျက်နှာစာမှာ အများကြီး
ရှုံးသွားမယ်”ဟု ရန်ကုန်ရှိ သံဃာတပါးက မိန့်သည်။
“ဝင်လမ်းနှစ်လမ်းကို
ရဲကားတွေ တလမ်းကိုနှစ်စီးစီပိတ်ထားတယ်၊ တစီးပေါ်မှာ တပ်စိတ် တစိတ်
ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံနဲ့ ရှိတယ်။ (၇/ခ ၈၇၂၅)၊ ၃၀၃
ရိုင်ဖယ်နဲ့ နောက်တစီးက (၇/ခ ၁၇၃၃)၊ တိုယိုတာဟိုင်းလတ်အပြာရောင်အပေါ်မှာ
အရေးပေါ် မီးနဲ့ ၊ ၂ စီး၊ မီးသတ်နှစ်စီး၊ စောင့်ကြည့်တဲ့အနေအထားပါ၊
ပိတ်တာတော့မဟုတ်ဘူး”ဟု သင်္ဃန်းကျွန်း မြို့နယ်ရှိ ရန်ကုန်မြို့ခံတဦးက
ဆိုသည်။
မန္တလေးမြို့တွင် ညမထွက်ရအမိန့်ထုတ်ထားပြီး ည (၂) နာရီတွင်
စစ်တပ်ချထားကာ နံနက် (၃) နာရီတွင် မန်းသံဃာများ ဆွမ်းခံကြွချိန်တွင်
လမ်းမှတား၍ ကျောင်းသို့ ပြန်လှည့်သွားရန် လုံခြုံရေးတပ်များက
တားဆီးခဲ့ရာတွင် မန္တလေးတောင်ပြင်နှင့် မြောက်ပြင်မှ သံဃာတော်များက
ကျောင်းသို့ ပြန်လှည့်ပြန်ခဲ့ရပြီး ကိုယ်ရင်လေးများသာ
ဆွမ်းခံကြွခွင့်ပြုခဲ့သည်ဟု ဆိုသည်။
နံပါတ်တုတ်များ၊ ဒိုင်းများဖြင့် စောင့်ကြပ်နေသည့် လုံခြုံရေးများတွင်
ကြံ့ဖွံ့အဖွဲ့ဝင်များပါ ပါဝင်ပြီး ဘုရားကြီးအား ပိတ်ထားပြီး
လုံခြုံရေးများ ယခုမနက်တွင် အပြည့်ချထားသည်ဟု ဆိုသည်။
“(၇)
နာရီဆွမ်းခံကြွတဲ့ သံဃာတွေကိုလည်း နောက်ပြန်လှည့်ခိုင်းတယ်။
ပိုပြီးတော့ စိတ်တွေ မွန်းကြပ်လာကြတယ်။ တက်ကြွလာကြတယ်။ ထွက်မှာ။
သူတို့ အဲ့ဒီလိုလုပ်လို့ ကြောက်သွား မယ်၊ တုန်လှုပ်သွားလိမ့်မယ်လို့
လူထုကို သူတို့က ထင်နေတာ။ လူထုရဲ့သတ္တိ၊ သံဃာထုရဲ့ သတ္တိ
ရဲရဲတောက်စိတ်တွေ ထုတ်ပြကြလိမ့်မယ်။ ဒီနေ့ မန္တလေးက
ထွက်ကြလိမ့်မယ်ဒကာ”ဟု မန်းသံဃာတပါးက ဆိုသည်။
ယမန်နေ့ညတွင် ရဲအထူးသတင်းတပ်ဖွဲ့မှ ဒုရဲအုပ် ညိုဝင်း၊ (ရ၀တ)ဥက္ကဋ္ဌ
ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင် ၂၀ ခန့်က ကဗျာဆရာ ကိုငြိမ်းသစ်အား
ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကိုငြိမ်းသစ်အား မတွေ့သည့်အတွက် ဇနီးသည်အား
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“ကျနော်တို့က အမရပူရက တူမောင်းတိုက်ရယ်၊ မင်္ဂလာကျောင်းတိုက်ရယ်၊
မဟာဂန္ဓရုံကျောင်း က သံဃာတွေ စီတန်းလှည့်လည်တာကို ကျနော်တို့
အားပေးထောက်ခံတယ်။ လက်အုပ်ချီ ရှစ်ခိုးတယ်၊ သံဃာတော်တွေနဲ့ ကျနော်တို့က
လိုက်ပါပြီးတော့ အားပေးတယ်၊ အဲ့ဒါကြောင့် ဖမ်းဆီးတာပါ”ဟု ကိုငြိမ်းသစ်က
ပြေဆိုသည်။
ယခုလှုပ်ရှားမှုသည် လူထုလှုပ်ရှားမှုဖြစ်ပြီး သံဃာတော်များက လူထုလှုပ်ရှားမှု
ဆောင်ရွက်နေ သည်မှာ ဒီမိုကရေစီအခွင့်အရေးအတွက် ငြိမ်းချမ်းစွာ
ဆန္ဒပြနေခြင်းဖြစ်ပြီး ရာဇ၀တ်မှု ကျူးလွန် နေတာမဟုတ်သည့်အတွက်
စာပေအနုပညာရှင်များအနေဖြင့် လူထု၊ သံဃာတော်များနှင့်အတူ
ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကိုငြိမ်းသစ်က ဆိုသည်။ |