|
မန္တလေးသံဃာများ လုံခြုံရေးများနှင့်
ထိပ်တိုက်ရင်ဆိုင်ကာ ဆက်လက်ကြွချီ
ရိုးမ ၃။
စက်တင်ဘာ ၂၆၊ ၂၀၀၇
ယနေ့
မန်းသံဃာများက ကျောင်းတိုက်အသီးသီးတွင် လုံခြုံရေးများ
ပိတ်ဆို့ထားသည့်ကြားက မြို့တွင်းသို့ အသီးသီး ကြွချီသွားကြပြီဖြစ်သည်။
မန္တလေးသံဃာတော်များက ယနေ့တွင် ကျောင်းတိုက်အားလုံး စုပေါင်းကာ
မြို့တွင်း ကြွချီရန် အတန်ကြာ လုံခြုံရေးများနှင့်
ရင်ဆိုင်နေရပြီးနောက် နေ့လည် (၂) နာရီမှ စတင်ကာ
လမ်းလျှောက်ကြွချီခဲ့ခြင်းဖြစ်သည်။
“ဒီမှာတော့
သံဃာတော်တွေ ကြွနေကြပြီ။ မေတ္တာပို့၊ ပရိတ်ရွတ်ပြီး သွားနေကြပြီ။ (၈၄)
လမ်း ကနေ အခုဟာ အနောက်ကို ကြွသွားပြီ။ ဟိုဘုရားကြီးအနောက်မုခ်မှာလည်း
အများကြီးလို့ ပြောတယ်။ ဒီတဖွဲ့ပဲ ကျနော်မြင်တယ်။ လုံခြုံရေးက
ပိတ်ထားတော့ သူတို့က သစ္စာဆိုတယ် ပြောတယ်။ သစ္စာဆိုပြီးတော့ အနောက်ကို
ကြွသွားတယ်။ လုံခြုံရေးတွေကို သံဃာတော် သုံးလေးငါးပါးလောက်က
တရားဟောနေတာ တွေ့တယ်။ ပစ်တာခတ်တာမရှိဘူး။ တချို့ စစ်သားတွေဆို
လက်ပိုက်ကြည့်နေကြတယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။
စစ်တပ်၊ ရဲ၊
ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို ယနေ့ မန္တလေးမြို့တွင်
နေရာအနှံ့ချထားသော်လည်း သံဃာတော်များ တသောင်းကျော်
လမ်းလျှောက်ကြွချီနေရာ ပြည်သူများကလည်း နောက်မှ သောင်းနဲ့ချီ
လိုက်ပါနေပြီး လက်ခုပ်တီးကာ အားပေးသည့် ပရိတ်သတ်များနှင့်
မြို့ပေါ်လမ်းများ ပြည့်ကြပ်သွားသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
“ဒိုင်းတွေ၊
လက်နက်တွေ ကိုင်ထားပြီးတော့ ယူနီဖောင်းတွေနဲ့ ရဲတွေ၊ စစ်သားတွေ၊
အရပ်ဝတ် တွေနဲ့ စွမ်းအားရှင်တွေနဲ့ ဆိုင်ထားတယ်။ ကိုယ်ရင်တွေ
လေးငါးဆယ်နဲ့ ဦးဇင်း ၃-၄၀ လောက် အပေါက်ဝမှာ မတ်တပ်ရပ်ထားလိုက်တယ်။
သူတို့ကလည်း ထွက်တာကို စောင့်ကြည့်နေတယ်၊ ဘုရားကြီးရဲ့
အရှေ့တောင်ဒေါင့်မှာရှိတဲ့ ဒက္ခိဏရာမတိုက်မှာ တကယ်ထွက်သွားတာက
နောက်ကြောသံလမ်းဘက် နောက်ပေါက်ကနေ တန်းစီပြီးထွက်သွားတာ၊ အပါး ၇၀၀၀
လောက် နောက်ပေါက်ကနေ ထွက်သွားကြပြီ”ဟု မန်းသံဃာတပါးက မိန့်သည်။
မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ အပါး ၅၀၀၀ ခန့်နှင့်
ဝိသုတ်တာရုံကျောင်းနှင့် မန်းမြို့ပေါ်ရှိ စာသင်တိုက်အားလုံး ထွက်သဖြင့်
သံဃာအင်အားအများဆုံးဖြစ်မည်ဟု အဆိုပါသံဃာက ဆက်လက်မိန့်ကြားသည်။
ပခုက္ကူမြို့တွင်လည်း နေ့လည် (၂) နာရီတွင် ကျောင်းတိုက်အသီးသီးမှ
သံဃာတော်များ စတင်ကာ ထွက်ခွာ၍ မြို့တွင်းသို့ ကြွချီနေရာ
မြို့လုံးကျွတ်ပြည်သူများဖြင့် ပြည့်နှက်နေပြီး အာဏာပိုင်များက
ယခုအချိန်အထိ အနှောင့်အယှက် တစုံတရာမပြုလုပ်ကြောင်း ပခုက္ကူသံဃာ တပါးက
မိန့်သည်။ |