|
အားပေးရုံသက်သက်မဟုတ်ပဲ
လူထုတရပ်လုံးပူးပေါင်းရန် မန်းသံဃာက တိုက်တွန်းနှိုးဆော်
ဗထူး။
စက်တင်ဘာ ၂၆၊ ၂၀၀၇
ယနေ့ပြုလုပ်နေသည့် သံဃာတော်များ အေးချမ်းစွာ ဆန္ဒဖော်ထုတ်နေမှုကို
ပြည်သူလူထု တရပ်လုံးအနေဖြင့် အားပေးရုံမဟုတ်ပဲ ပူးပေါင်းပါဝင်ကြရန်
မန္တလေးမြို့၊ မစိုးရိမ်ကျောင်းမှ ဆရာတော်တပါးက မိန့်ဆိုလိုက်သည်။
ယနေ့ပြုလုပ်ခဲ့သည့် မန်းမြို့တွင်း လမ်းလျှောက်ကြွချီဆန္ဒပြမှု
မြို့လုံးကျွတ် အားပေးထောက်ခံ ခဲ့ခြင်းကြောင့် စစ်အစိုးရက
မျက်ရည်ယိုဗုံး အသုံးပြုဖြိုခွဲခဲ့ပြီးနောက် ယခုလို မိန့်ဆိုလိုက်ခြင်း
ဖြစ်သည်။
“ကျုံးဒေါင့်မှာ တော်တော်လေးပဲ အချက်ပေါင်းများစွာ ဖောက်လိုက်တယ်၊
မိုးပေါ်ထောင်ဖောက် တယ်။ မျက်ရည်ယိုဗုံး ၇ လုံး ပစ်တယ်။ သံဃာထုထဲတော့
မပစ်ဘူး၊ လူထုကြားထဲကို မျက်ရည် ယိုဗုံး ပစ်ချတယ်။ လူထုအားပေးမှုက ဒီနေ့
သိန်းနဲ့ချီသွားတယ်။ သံဃာတွေ မန္တလေးမှာ သိန်းနဲ့ချီသွားတယ်။ သံဃာတွေက
ဒီနေ့ စစ်ကြောင်းသုံးကြောင်း ကြွတာ။ လူထုကလည်း သိန်းနဲ့ချီပြီးကို
အားပေးကြတာ၊ အဲ့ဒါကို ဒီကောင်တွေ လန့်သွားတာ။ အဲ့ဒါကြောင့် မျက်ရည်
ယိုဗုံးနဲ့ ခွဲပစ်တာ”ဟု မစိုးရိမ်ကျောင်းမှ သံဃာတော်တပါးက
မိန့်ဆိုသည်။
ယနေ့
မန်းမြို့တွင် သံဃာတော်များက နေရာသုံးနေရာခွဲကာ ချီတက်ဆန္ဒပြခဲ့ရာ
လမ်းမများ ပေါ်တွင် သံဃာတော်များနှင့် ပြည်သူများ ပြည့်နှက်သွားခဲ့ပြီး
လမ်းတလျှောက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် တိုးကာ
ဦးဆောင်သံဃာတော်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ညှိနှိုင်း မှုဖြင့်
လမ်းလျှောက်ကြွချီခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဆုံတာပေါ့
ဒကာကြီးရာ။ လုံခြုံရေးအဖွဲ့ကတော့ သုံးနေရာလောက်ကို ဆုံတာ။ ဒီနေရာက
သူတို့က သွားလို့မရဘူး ဘုရား၊ တခြားကသွားပါဆိုတော့ တခြားနေရာက
ကွေ့ပတ်သွားရတာ ပေါ့။ အစကတည်းက ဦးဇင်းတို့ အစီအစဉ်က ဆွဲလာတာပေါ့၊
ဦးဇင်းတို့က အေးအေးဆေးပေါ့ ကြီးကြပ်တဲ့ဆရာတော်တွေက
သူတို့ဖြေရှင်းညှိနှိုင်းတော့ ဦးဇင်းတို့ကမသွားပဲ ဘေးကနေ
ကွေ့သွားတာပေါ့။ သူတို့နဲ့ လွတ်တဲ့နေရာပေါ့လေ”ဟု
လမ်းလျှောက်ကြွချီခဲ့သည့် သံဃာတော် တပါးက မိန့်သည်။
လမ်းတလျှောက်တွင် ပြည်သူများက စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ဆိုကာ
လက်ခုပ်များ တီး၍ ကြိုဆိုခဲ့ကြပြီး တက္ကသိုလ်ကျောင်းသားများက
သံဃာတော်များ လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ လမ်းတလျှောက်လုံး
အနီးမှလိုက်ပါခဲ့သည်ဟု ဆက်လက်မိန့်သည်။
“သူတို့
ဘယ်လိုတွေဘဲ ကြေညာကြေညာ ပြည်သူလူထုက ဦးဇင်းတို့ရဲ့ လုပ်ဆောင်မှုကို
ယုံကြည်ပြီးသားလေ။ ငြိမ်သက်စွာ လမ်းလျှောက်ပြီး မေတ္တာပို့တယ်၊
ဆုတောင်းကြတယ်ဆိုတာ သူတို့က သိတဲ့အတွက်ကြောင့် သူတို့က အပြည့်အဝ
ဦးဇင်းတို့ကို ထောက်ခံတာပေါ့ ဒကာကြီး။ ထောက်ခံတဲ့အတွက်ကြောင့်
ဦးဇင်းတို့လုပ်ရပ်ကို အောင်မြင်မယ်လို့ အတိအကျယုံကြည်တယ် ဒကာကြီး”ဟု
လမ်းလျှောက်ကြွချီခဲ့သည့် သံဃာတော်က မိန့်ဆိုသည်။
ယခုကဲ့သို့သံဃာထု၏ အေးချမ်းစွာ လမ်းလျှောက်ကြွချီခဲ့သည့်
သံဃာတော်များကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့်ပတ်သက်၍ “ဒါက မေတ္တာကို
ဒေါသနဲ့ တုံ့ပြန်တာပေါ့၊ ဒါကအာဏာရှင်ရဲ့ ရုပ်လုံး ပေါ်လာတာလည်း ဟုတ်တယ်။
ဒီလို မေတ္တာကို ဒေါသနဲ့တုံ့ပြန်တော့ အင်မတန်မှ ဦးဇင်းတို့ အနေနဲ့
ငြိမ်းချမ်းတဲ့ သံဃာထုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညီညွတ်ညွတ်နဲ့
စနစ်တကျ စည်းကမ်း ရှိရှိနဲ့ ဒီလိုမျိုး ချီတက်လမ်းလျှောက်နေတဲ့
သံဃာတွေကို အကြမ်းဖက်ဖြေရှင်းတာကို မြန်မာ နိုင်ငံလုံးဆိုင်ရာ
သံဃာတပ်ပေါင်းစုအဖွဲ့ကြီးအနေနဲ့ စစ်အစိုးရကို ပြင်းပြင်းထန်ထန်
ကန့်ကွက် ရှုတ်ချတယ်”ဟု သံဃာတပ်ပေါင်းစုမှ ဆရာတော်တပါးက ဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး
မပစ်ချင်သူများရှိသော်လည်း အထက်အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရသည်ကို
လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က မိန့်ဆိုပြီး စစ်အစိုးရထိပ်ပိုင်းများမှာ
အာဏာတွင် သာယာနေ၍ မည်သည့်ကိစ္စမဆို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။
“သူတို့က
လက်ရှိ ရှိနေတဲ့ အာဏာပေါ်မှာ သာယာတယ်။ အာဏာတည်မြဲရေးအတွက်ဆိုရင်
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီးတော့ စိတ်ဆုံးဖြတ်ထားတဲ့ပုံရပါတယ်။
သံဃာကို ဂါရဝပြုရမှန်းမသိ၊ ယဉ်ကျေးရမှန်းမသိ၊ ရိုသေရမှန်းမသိ၊
ကြည်ညိုကိုင်းရှိုင်းရကောင်းမှန်း မသိဘူး။
သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် ဘာမဆိုလုပ်မယ်။ ဘယ်သူ့ကို သတ်ရသတ်ရ
ဆိုတာမျိုးပေါ့ဗျာ၊ ဒီလိုလုပ်တာတော့ ဒါ မကောင်းဘူးပေါ့၊ ခုလည်းပဲ
ပတ္တနိက္ကုဇ္ဇနကံ၊ သံဃာရဲ့ ကြီးလေးတဲ့ ဒါဏ်ခတ်မှုကြီးကိုလည်း
ခံခဲ့ရပြီးပြီ။ ဒီထက် ကြီးလေးတဲ့ကံတွေ သံဃာကိုသတ်တဲ့ ကံတွေ ခု
ထပ်ထပ်ကျူးလွန်ပြန်ပြီ။ ဒီထက်လည်း နောက်ထပ် ကျူးလွန်နေအုံးမယ်ထင်တယ်။
အဲ့ဒါကြောင့် ဒီတကာတွေအနေနဲ့ မိုက်တွင်းက နက်လာပြီ၊ တွင်းတူးပြီး
ခပ်နက်နက်ကိုတူးပြီး တော့ကို မိုက်တဲ့ ဒကာတွေ၊ တော်တော်လေးကို
ဦးဇင်းတို့အနေနဲ့ သံဝေဂရပါတယ်”ဟု မိန့်သည်။
ယနေ့
သံဃာထုပြုလုပ်နေသည့် အေးချမ်းစွာ လမ်းလျှောက်ကြွချီနေခြင်းသည် သံဃာထု
အတွက်မဟုတ်ပဲ ပြည်သူလူထုတရပ်လုံးအတွက်ဆိုသည်ကို သိရှိကာ
ပူးပေါင်းပါဝင်ရန် အဆိုပါ သံဃာတော်က ဆက်လက်မိန့်သည်။
“ဒါကြောင့်
မြို့ရွာတွေမှာရှိတဲ့ လူထုကြီးအနေနဲ့ ဝန်ထမ်းအသီးသီးတွေအနေနဲ့
အလွှာအသီးသီး က လူထုတရပ်လုံးနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေပြီဆိုတာကို
ဦးဇင်းတို့ ပြောချင်တယ်။ လူထု တရပ်လုံးအနေနဲ့ ကောင်းမွန်တဲ့
စနစ်တခုကို အမြန်ဆုံး ရောက်ရှိချင်တယ်ဆိုရင်တော့ အားပေး
ရုံသက်သက်မဟုတ်ပဲနဲ့ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဖို့
လိုအပ်ပါတယ်ဆိုတာကို လူထု တရပ်လုံးကို ပန်ကြားလိုတယ်။ နှိုးဆော်ပါတယ်။
တိုက်တွန်းပါတယ်” ဟု ဆက်လက်မိန့်ကြား ခဲ့သည်။ |