|
သံဃာတုများဟုယူဆ၍ စစ်တွေသပိတ်
ပထမတွင်မဖြစ်ခဲ့သော်လည်း ယနေ့နေ့လည်ပိုင်းတွင် ပြည်သူနှင့်သံဃာများ
ဆန္ဒပြခဲ့
ရိုးမ ၃။
စက်တင်ဘာ ၂၅၊ ၂၀၀၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သံဃာတော်များက ပထမတွင်
သပိတ်စတင်ရန်ပြင်ဆင်၍ ထွက်လာပြီးနောက် မျက်နှာသစ်သင်္ကန်းဝတ်များကို
တွေ့ခဲ့သဖြင့် (၁) နာရီတွင် ပြုလုပ်မည့် သပိတ်ကို ပြန်ရုတ်ခဲ့ပြီးနောက်
(၂)နာရီခွဲအချိန်တွင် သံဃာနှင့် လူထုက ဆက်လက် ဆန္ဒပြခဲ့ သည်။
စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်ကြွချီခြင်းကို ယမန်နေ့က စစ်အစိုးရက
သံဃာ့မဟာ နာယကသို့ ဖိအားပေးခဲ့ပြီးနောက် ယနေ့ စစ်တွေတွင်
ဆက်လက်ဆန္ဒပြနေခြင်းဖြစ်သည်။
စစ်တွေတွင်
မမြင်ဘူးသည့် သင်္ကန်းဝတ် (၃၀) ခန့်က ဘုရားကြီးတွင်
ကြိုတင်စောင့်ဆိုင်းနေခဲ့ ပြီး ယနေ့နေ့လည် (၁) နာရီတွင် သံဃာများနှင့်
ပြည်သူများ ဆန္ဒပြရန် ပြုလုပ်နေစဉ် စစ်တွေ သံဃာများက အဆိုပါ
မသင်္ကာဖွယ်သင်္ကန်းဝတ်များကို တွေ့ရှိခဲ့သဖြင့် သံဃာများသည်
အေးချမ်းစွာ ကျောင်းတိုက်များသို့ ပြန်ဝင်ရောက်ပြီးနောက်
ပြည်သူလူထုကလည်း လူစုခွဲခဲ့ကြ သည်။
ယနေ့နေ့လည်
(၂) နာရီခွဲတွင် စစ်တွေမြို့တွင်းမှ သံဃာတော် အပါး ၁၀၀ ကျော်နှင့်
လူထုမှာ လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။
“သံဃာတွေ
လူစုခွဲလိုက်တော့ သူတို့လည်း ပျောက်သွားတာပဲ၊ သံဃာတွေက မယုံသင်္ကာဖြစ်
လို့ပေါ့၊ ရောပါလာမှာစိုးလို့၊ ခုစပြနေတာက သံဃာတွေ သုံးပါးတတန်းစီပါ၊
သာသနာ့အလံတွေ ကိုင်ထားတယ်။ တပါးက ကြေးဆင်းတုဘုရားတဆူ လက်မှာ
ပွေ့ထားတယ်။ အဲ့ဒီနောက်က သုံးပါးက သပိတ်သုံးလုံးကို မှောက်ထားတယ်။
လူထုက အခု (၅၀၀၀၀)လောက် ဖြစ်နေပြီ”ဟု မျက်မြင်မြို့ခံက ဆိုသည်။
အဆိုပါ
သံဃာတော်များနှင့် လူထုသည် ကုန်သည်လမ်းမှ ဘုရားကြီး၊ ဘုရားကြီးမှ
မင်းဘာကြီးလမ်း၊ ထိုမှတဆင့် သင်္ဘောဆိပ်၊ ထို့နောက် လမ်းမကြီးဘက်ကို
ပြန်ချိုးကာ ဦဥတ္တမပန်းခြံရှိ ဆရာတော်ကြေးရုပ်တွင် မေတ္တာသုတ်နှင့်
မောရသုတ်များ ရွတ်ဆိုကာ ကမ်းနားလမ်းကို ပြန်ဆင်းခဲ့သည်။
“လူအုပ်က
တဖြည်းဖြည်း ပိုများလာတယ်။ ၀န်ထမ်းတွေပါတယ်၊ မွတ်စလင်တွေ၊ ဟိန္ဒူတွေ
ပါတယ်၊ အင်န်အယ်ဒီလူငယ်တွေက ရင်ထိုးတံဆိပ်တွေနဲ့လည်း တွေ့ရတယ်၊
လုံခြုံရေးကတော့ သူတို့ဌာနမှာပဲသူတို့ လုံခြုံရေးယူထားတယ်”ဟု မြို့ခံက
ဆက်လက်ပြောဆိုသည်။
ယနေ့စစ်တွေမြို့ဆန္ဒပြမှုတွင်
ဒီမိုကရေစီအင်အားစုဆိုသည့် ပိတ်စအဖြူရောင်ပေါ်တွင် စာတန်း
ရေးထိုးထားသည့် ဆိုင်းဘုတ်အား မြို့ခံလူနှစ်ဦးက ကိုင်ဆောင်ထားပြီး
အဆိုပါဆိုင်းဘုတ် နောက်မှ လူထုက လိုက်ပါလာခဲ့ကာ ယနေ့ ညနေ (၃)
နာရီခွဲတွင် အေးချမ်းစွာ ပြီးဆုံးသွား ခဲ့သည်။ |