|
မတရားတဲ့အမိန့်ကို နာခံသည့်စိတ်များကို
အလှူခံသည်ဟု မန်းသံဃာတော်က မိန့်ဆို
ဗထူး။
စက်တင်ဘာ ၂၅၊ ၂၀၀၇
မတရားသည့်
အမိန့်အာဏာများကို နာခံတတ်သည့် စိတ်များကို ယနေ့ အလှူခံလိုက်သည်ဟု
မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုလိုက်သည်။
ယမန်နေ့က
စစ်အစိုးရ၏ သာသနာရေးဝန်ကြီးမှ သံဃာ့နာယကအကြီးအကဲများကို
လျှောက်ထားခဲ့ပြီးနောက် သံဃာများ လမ်းလျှောက်ကြွချီခြင်းကို
တားမြစ်ပိတ်ပင်ပေးရန် တောင်းဆိုချက် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့
မိန့်ဆိုလိုက်ခြင်းဖြစ်သည်။
“ဆရာတော်ကြီးတွေရဲ့ သိက္ခာကို စော်ကားတာပဲ။ ဒါက ဆရာတော်တွေကို
ခေါ်ပြီး အမိန့်ပေး တာ။ လူလိုပြောရင် မင်းတို့လုပ်၊ မလုပ်ရင်
ကျုပ်တို့လုပ်မယ်။ ဆရာတော်တွေကို တိုက်တွန်းတာ မဟုတ်ဘူး၊ အမိန့်ပေးတာ။
သံဃာအပေါ်မှာ ဆက်တိုက် အမှားတွေလုပ်နေတယ်။ အဲ့ဒါကြောင့် မကြာသောကာလမှာ
ဘေးဒုက္ခနဲ့ ရင်ဆိုင်ရမှာရှိတယ်ဗျ၊ လက်နက်ရှိတဲ့ကောင် လက်နက်
အားကိုးမှာ၊ ဦးချိုရှိတဲ့ကောင် ဦးချိုအားကိုးမှာ၊ အစွယ်ရှိတဲ့ကောင်
အစွယ်အားကိုးမှာ။ ဒါကို လူထုအနေနဲ့ သံဃာထုအနေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့
လိုမယ်။ စိတ်ဓါတ်တွေ ပြိုကွဲမသွားဖို့ လိုတယ်” ဟု
မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ကြားသည်။
ပစ်ခတ်ဖြိုခွဲသည်အထိ မရောက်အောင် အတတ်နိုင်ဆုံး သံဃာဘက်မှ
ကြိုးစားသွားမည်ဖြစ်ပြီး တပ်မတော်သားများသည်လည်း ပြည်သူထဲက
ပြည်သူများပင်ဖြစ်သောကြောင့် အမိန့်ပေးလို့ ပစ်ခတ်ရမည့်သူများမှာလည်း
ခေတ်စနစ်ဆိုးကြီးထဲတွင် ပြည်သူများနည်းတူ ဆင်းရဲကြပ်တည်း ခြင်း
စနစ်ဆိုးရဲ့ နှိပ်စက်မှုဒဏ် ခံကြရသူများဖြစ်ကာ ယခု သံဃာတော်များနှင့်
ပြည်သူများ လုပ်ဆောင်နေသည်မှာ တပ်မတော်သား၊ ရဲနှင့်
အာဏာပိုင်အဖွဲ့အစည်းများ၏ အနာဂတ်များ လည်း ပါဝင်သဖြင့်
မိမိတို့နှင့်အတူ ဆင်းရဲဒုက္ခရောက်နေသူများကို အမိန့်များပေးကာ
မရက်စက်ကြရန် မေတ္တာရပ်ခံသည်ဟု ဆက်လက်မိန့်ဆိုသည်။
“တပ်မတော်သားတွေကို ပြည်သူ့တပ်မတော်သားလို့ လှိုက်လှိုက်လှဲလှဲ
ခေါ်ချင်တယ်ဒကာ၊ ရဲတွေကိုလည်း ပြည်သူနဲ့ တသားဖြစ်တဲ့ ပြည်သူ့ရဲလို့
ခေါ်ချင်တယ်ဒကာ။ လှိုက်လှိုက်လှဲလှဲ ခေါ်ချင်တယ်။ ငါတို့ပြည်သူပဲလို့
လှိုက်လှိုက်လှဲလှဲ ခေါ်ချင်တယ်။ အားလုံး ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့
လိုတယ်။ ငြိမ်းချမ်းဖို့အတွက် အားလုံးအဆင်ပြေစေဖို့အတွက် စနစ်ဆိုးကြီး၊
မတရားတဲ့ အမိန့် အာဏာတွေ၊ မတရားတဲ့ အမိန့်ပေးမှုတွေကို နာခံတတ်တဲ့
စိတ်တွေကို အလှူခံပါတယ်လို့ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနဲ့အတူ
တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့
သံဃာတော်တွေကို ကိုယ်စားပြုပြီးတော့မှ အလှူခံပါတယ်ဒကာ”ဟု
အဆိုပါဆရာတော်မှ မိန့်မှာသည်။
စစ်အစိုးရ
သာသနာရေးဝန်ကြီးက သံဃာ့မဟာနယကဆရာတော်ကြီးများကို ပြောဆိုခဲ့ရာတွင်
ဓမ္မစက်ဖြင့် ထိန်းသိမ်း၍မရပါက တည်ဆဲဥပဒေများနှင့်အညီ ပြတ်သားစွာ
အရေးယူဆောင်ရွက် သွားမည်ဟု ပါရှိခဲ့ပြီး ထိုသို့ပြောဆိုခြင်းသည်
ယခုသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြနေ ခြင်းကို အကြမ်းဖက်ဖြိုခွဲရန်
ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုမန်းသံဃာများက ယနေ့ မွန်းလွဲ (၁၂) နာရီ (၅၀) မိနစ်တွင်
စတင်ကြွချီဆန္ဒပြနေပြီဟု မိန့်ကြားပြီး ဆက်လက်၍ ဆရာတော်က “မန္တလေးသံဃာရဲ့
ရဲရဲတောက်တဲ့၊ ပြောင်မြောက်တဲ့ သတ္တိပေါ့ဗျာ၊ အင်မတန်
လေးစားဖို့ကောင်းတယ်၊ ဒါမှ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ရှိသော်
ငြိမ်းချမ်းတဲ့ပုံစံနဲ့ သံဃာတွေအနေနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့
ယုံကြည်ပါတယ်”ဟု မိန့်ဆိုသည်။
အသံနားဆင်လိုပါလျှင်
- သံဃာတော်အသံ
(၁)
သံဃာတော်အသံ
(၂) |