|
ကျောက်ပန်းတောင်းမြို့ မိုးရေထဲမှာ
သံဃာနှင့်လူထု မြို့လုံးကျွတ် ဆန္ဒဖော်ထုတ်ခဲ့
ရိုးမ ၃။
စက်တင်ဘာ ၂၅၊ ၂၀၀၇
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့နေ့လည်က သံဃာတော်များ
လမ်းလျှောက် ကြွချီိခဲ့ရာ မိုးရေထဲတွင် မြို့လုံးကျွတ် လူထုက
ထောက်ခံအားပေးခဲ့သည်။
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်များ နိုင်ငံအနှံ့ဆင်နွှဲနေစဉ် ယနေ့နေ့လည် (၁)
နာရီမှစတင်ခဲ့သည့် သံဃာတော်များ မေတ္တာပို့ကြွချီခြင်းကို
ဒုတိယနေ့မြောက် လူထုက မြို့လုံးကျွတ် ထောက်ခံအား ပေးခဲ့ခြင်းဖြစ်သည်။
“ဈေးဘက်ကနေ
ညောင်ဦးလမ်းအတိုင်း ပတ်လာပြီးတော့ မြို့ပတ်လမ်းဘက် တက်သွားပါ တယ်။
သံဃာတော်တွေက နှစ်ထောင်လောက်ရှိတယ်။ ဒီရှေ့ဖြတ်သွားတာတော့ လူထုက
လေးသောင်းလောက် ရှိတယ်။ (၁) နာရီလောက်က စတာပဲ”ဟု
ကျောက်ပန်းတောင်မြို့ခံ အမျိုးသမီးတဦးက ဆိုသည်။
သံဃာတော်များသည် မဟာစေတီကြီးဘုရားမှ စတင်၍ ဈေးဘက်သို့ ဦးတည်ခဲ့ရာ
မင်္ဂလာ စေတီသို့ ရောက်ခဲ့ပြီး ထိုမှတဆင့် ဘူတာလမ်းဆုံအ၀ိုင်းမှ
မြင်းခြံလမ်းမအတိုင်း ကြွချီခဲ့သည်ဟု အဆိုပါမြို့ခံက
ဆက်လက်ပြောဆိုသည်။
သံဃာတော်များကြွချီစဉ် လမ်းဘေးဝဲယာမှ ပြည်သူများက ရေသန့်ဗူး၊ ကွမ်း၊
အချိုရည်များကို ကပ်လှူခဲ့ကြပြီး သံဃာတော်များအား လက်အုပ်ချီကာ
ထောက်ခံအားပေးခဲ့သည်။
စစ်အစိုးရက
သံဃာတော်များ ဆန္ဒဆက်မပြရန် ယမန်နေ့ညက သံဃာ့မဟာနာယကသို့
သာသနာရေးဝန်ကြီးက ဖိအားပေးခဲ့ပြီး နောက်တနေ့၌
ကျောက်ပန်းတောင်းမြို့တွင် လူထုနှင့် သံဃာများ
ပူးပေါင်းမိခဲ့ခြင်းဖြစ်သည်။
လေးပါးတတွဲစီ ကြွချီခဲ့ကြသည့် သံဃာတော်များသည် ရှေ့ဆုံးတွင်
သံဃာ့သမဂ္ဂီဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပြီး နောက်မှ
သာသနာ့အလံများကိုင်ဆောင်ကာ အေးချမ်းစွာ ကြွချီမေတ္တာပို့သ ခဲ့သည်။
“မြို့မှာက
ကျောင်းတိုက် ၁၁ တိုက်ရှိတယ်။ မိုးရွာထဲမှာ ကြွကြတာပေါ့။ လူထုနဲ့
ရဟန်းတွေ တော်တော်လေး စုစည်းမိသွားတဲ့ သဘောပေါ့”ဟု
ယနေ့လမ်းလျှောက်ကြွချီခဲ့သည့် သံဃာ တော်တပါးက မိန့်ကြားသည်။
ယနေ့
ကျောက်ပန်းတောင်းမြို့ သံဃာတော်များစတင်ကြွချီချိန်တွင် ရာသီဥတု
သာယာနေခဲ့ပြီး နောက်ပိုင်း မိုးရွာသွန်းသည့်ကြားမှ သံဃာတော်များနှင့်
မြို့ခံပြည်သူများ၏ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ပြသခြင်းသည် ညနေ (၄)
နာရီတွင် ပြီးဆုံးသွားခဲ့သည်။ |